စစ်တွေဆေးရုံကြီးတွင် ကလေးငယ်တဦး A(H1N1) ရောဂါပိုးတွေ့ရှိ
DVB
·
August 12, 2017
စစ်တွေဆေးရုံကြီးမှာ ကုသမှုခံယူနေတဲ့ ကလေးငယ်တစ်ယောက်မှာ A(H1N1) ရာသီ တုပ်ကွေး ရောဂါပိုး တွေ့ရတယ်လို့ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာကြည်လွင်က ပြောပါတယ်။
“ရန်ကုန်ကို နမူနာပို့ပြီး စစ်ဆေးတဲ့အခါ ၁၁ ရက်နေ့ ည ၁၁ နာရီမှာ H1N1 ရောဂါပိုး ဖြစ်ကြောင်း အတည်ပြုနိုင်ပါတယ်" လို့ ပြောပါတယ်။
စစ်တွေဆေးရုံကြီးမှာ ကုသနေတဲ့ သံသယလူနာ လေးယောက်ထဲက အသက် ၁ နှစ် ၁ လ အရွယ်ကလေးငယ်မှာ H1N1 ရောဂါပိုးတွေ့ရှိတာပါ။ လေးယောက်လုံးကို သီးသန့်ဆောင်မှာ ကုသပေးနေတယ်လို့ သိရပြီး ကလေးရဲ့ အခြေအနေဟာလည်း ကောင်းမွန်နေတယ်လို့ ဆိုပါတယ်။
ဇူလိုင်လ ၂၁ ရက်ကနေ ဩဂုတ်လ ၁၁ ရက်အထိ တနိုင်ငံလုံးမှာ လတ်တလောပြင်းထန် အသက်ရှူလမ်းကြောင်း ပိုးဝင်ရောဂါနဲ့ ဆေးရုံတက်ရောက် ကုသနေသူ စုစုပေါင်းလူနာ ၅၃၅ ယောက်ရှိပြီး အဲဒီထဲက ၂၀၄ ယောက်မှာ A(H1N1) ပိုးတွေ့ခဲ့ပါတယ်။
နောက်ဆုံးရတဲ့စာရင်းတွေအရ တစ်နိုင်ငံလုံးမှာ H1N1 နဲ့ သေဆုံးသူ စုစုပေါင်း ၂၃ ယောက်ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။