နိုင်ငံတော်ပုန်ကန်မှုနဲ့ တရားစွဲခံရတဲ့ ကေအန်ယူခေါင်းဆောင် ပဒိုမန်းငြိမ်းမောင်ကို လာမယ့်အင်္ဂါနေ့ မနက်ပိုင်းမှာ အင်းစိန်ထောင်တွင်း တရားရုံးက စီရင်ချက်ချမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။
[caption id="attachment_14974" align="alignleft" width="300" caption="ပဒိုမန်းငြိမ်းမောင်"][/caption]
သက်သေတဦးဖြစ်တဲ့ တောင်ကလေး ဆရာတော်က ကျန်းမာရေးကြောင့် ကြွမလာ နိုင်တဲ့ အတွက် အဲဒီ သက်သေကို ပယ်ပြီး နှစ်ဖက် လျှောက် လဲချက် ပေးခဲ့ရတယ်လို့ပဒိုမန်းငြိမ်းမောင်ရဲ့ ရှေ့နေ ဦးကြီးမြင့်က ပြောပြ ပါတယ်။
“ဒီနေ့ ကျနော်တို့ဘက်နေပြီးတော့ ဘာကြောင့် အပြစ်မပေး သင့်တဲ့ အကြောင်း၊ လွှတ်ပေးသင့်တဲ့အကြောင်း ပြောရပါတယ်။ အစိုးရဘက် ကတော့ စွဲဆိုထားတဲ့ ပုဒ်မတွေနဲ့ အပြစ်ပေးသင့်ကြောင်း လျှောက်လဲချက် ပေးပါတယ်။ အင်္ဂါနေ့ မနက် ၁၁ နာရီ ရုံးချိန်းပါ။ အမိန့်ချပါမယ်၊ အပြီးသတ် အမိန့်ပါပဲ။”
ထိုင်းနိုင်ငံကနေ တရုတ်နိုင်ငံကိုသွားရောက်ခဲ့တဲ့ ပဒိုမန်းငြိမ်းမောင်ဟာ ထိုင်းကို ပြန်လာဖို့ ဗီဇာအခက်အခဲကြောင့် တရုတ်ပြည်ကနေ မြန်မာပြည် ပြန် ပို့ခံရပြီး အင်းစိန်ထောင်မှာ ချုပ်နှောင်တရားစွဲခံထားရတာပါ။
ပဒိုမန်းငြိမ်းမောင်ကို တရားစွဲခွင့်အမိန့်မှာ သမ္မတက ပြည်ထဲရေး ဝန်ကြီးကို အာဏာ အပ်ထားကြောင်းဆိုတာ ပါမလာတဲ့ အကြောင်း၊ အမှု ၂ ခုနဲ့ စွဲရာမှာ ၁ ခုက သက်သေခံချက်တွေကို တခြား ၁ မှုမှာ တိုက်ရိုက်ကူးပြီး ၂ မှုကို တပေါင်းတည်း သက်သေခံချက် လုပ်တာက ဥပဒေနဲ့ မညီကြောင်း၊ ဒီလို လုပ်မယ်ဆို ဥပဒေအရ အမှုက ပျက်ပြယ်တဲ့ သဘောရှိကြောင်း ဦးကြီးမြင့်က ရှင်းပြပါတယ်။
ပဒိုမန်းငြိမ်းမောင်က ခုခံလျှောက်လဲရာမှာ ကေအန်ယူ ဗဟိုကော်မတီဝင် ဖြစ်တာ မှန်ကြောင်း၊ သူ့လူမျိုးအတွက် လိုအပ်လို့ ခုခံရေးစစ်ပွဲ ဆင်နွှဲရတာ ဖြစ် ကြောင်း၊ လူ့ အခွင့် အ ရေး တွေ ချိုးဖောက်ခံရတယ်၊ လူတွေဟာအင်မတန် ဒုက္ခ ရောက်ပြီး တိရစ္ဆာန် တွေလို ဖြစ်နေတဲ့အတွက် လက်နက်မဆွဲကိုင် ရင် မရ လို့ ခုခံရင်း တိုက်ရတာဖြစ်ကြောင်း ပြောဆိုခဲ့တယ်လို့သူက ပြောပါတယ်။
နိုင်ငံတော်ပုန်ကန်မှုဖြင့် စွဲဆိုထားပြီး ပြစ်မှုကျူးလွန်တယ်လို့ ဆုံးဖြတ်ရင် သေဒဏ် ဒါမှမဟုတ် ထောင်တသက်တကျွန်း ကျခံရဖွယ် ရှိပါတယ်။
နောက်ပုဒ်မ တခုဖြစ်တဲ့ တရားမဝင် အသင်းအဖွဲ့ ဆက်သွယ်မှုအရ ထောင် ဒဏ် ၃ နှစ်အထိ ကျခံရဖွယ် ရှိပါတယ်။
ပဒိုမန်းငြိမ်းမောင်ရဲ့ အသွင်ဟာ လူက ကျန်းမာပေမယ့် စိတ်က မကျန်း မာသလို မြင်တွေ့ ခဲ့ရတယ်လို့ ဦးကြီးမြင့်က ပြောပါတယ်။
ကနဦးပိုင်းက ပြည်ထောင်စုဝန်ကြီး တဦးက ပဒိုမန်းငြိမ်းမောင်ကို ပြန်လည် လွတ်မြောက်မှာပါလို့ ထုတ်ပြောထားဖူးပါတယ်။
အသက် ၇၀ ဝန်းကျင်ရှိတဲ့ ပဒိုမန်းငြိမ်းမောင်ဟာ ပျိုရွယ် စဉ်တုန်း ကလည်း နိုင်ငံရေးလှုပ်ရှားမှုကြောင့် ထောင်ဒဏ်တသက်တကျွန်း ကျခံဖူးပါ တယ်။