တသွေးတသံတမိန့်ဆိုတာ ဒီမိုကရေစီမဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

1.5K
တသွေးတသံတမိန့်ဆိုတာ ဒီမိုကရေစီမဟုတ်တဲ့အကြောင်းနဲ့ အများစုရဲ့ သဘောတူညီချက်အရ အဖြေတခုကို ဖော်ထုတ်ပြီး အကောင်အထည်ဖော်တာ ဒီမိုကရေစီလမ်းစဉ် ဖြစ်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
မြန်မာ့ဒီမိုကရေစီ ကူးပြောင်းမှုဖြစ်စဉ် သုံးသပ်ဆွေးနွေးပွဲကို နေပြည်တော်မှာ ဒီကနေ့ မနက်က စတင်ကျင်းပနေရာမှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် တက်ရောက်ပြီး အဖွင့်မိန့်ခွန်းမှာ ပြောသွားတာဖြစ်ပါတယ်။
“အမြင်မတူခြင်းဟာ ကောင်းပါတယ်။ အားလုံးဟာ တပုံစံတည်းစဉ်းစားမယ်၊ တပုံစံတည်းပဲ တွေးမယ်ဆိုရင် တကယ်တော့ ဒါဒီမိုကရေစီရဲ့ အနှစ်သာရနဲ့ မကိုက်ညီပါဘူး။ တသွေးတသံတမိန့်ဆိုတာ ဒီမိုကရေစီမဟုတ်ပါဘူး။ တသွေးတည်း တသားတည်းဖြစ်ဖို့ ဆိုတာကောင်းပါတယ်။ တသံတည်းထွက်ဖို့ မလိုပါဘူး။ တမိန့်ဆိုတာလည်း လုံးဝကို မသင့်လျော်ပါဘူး။ ဒီမိုကရေစီမှာ အသံတွေ အမျိုးမျိုးထွက်ပေမယ့် အောက်ခြေအားဖြင့် တသွေးတည်း တသားတည်း ညီညွတ်မှုလိုပါတယ်။ တသွေးတည်းတသားတည်း ညီညွတ်မှုကနေ ထွက်လာတဲ့ အသံအမျိုးမျိုးကို ညှိနိုင်ခြင်းဟာ ဒီမိုကရေစီရဲ့ စွမ်းရည်တခုဖြစ်ပါတယ်။ အဲဒီလို ညှိလိုက်ပြီးတဲ့အခါမှာ အားလုံးတော့လည်း မဖြစ်နိုင်ဘူးပေါ့နော် သဘောသဘာဝအရ။ အများစုရဲ့ သဘောတူညီချက်အရ အဖြေတခုကို ဖော်ထုတ်ပြီးတော့ အကောင်အထည်ဖော်ဖို့ဆိုတာဟာ ဒီမိုကရေစီရဲ့ ရိုးရိုးလေးလမ်းစဉ်ပဲဖြစ်ပါတယ်။ ရိုးရိုးလေးလမ်းစဉ်ဆိုပေမယ့် လျောက်လို့ကတော့ အင်မတန်မှ ခက်ခဲပါတယ်” လို့ ပြောပါတယ်။
ဆွေးနွေးပွဲကို တက်ရောက်လာကြသူတွေအနေနဲ့ လက်တွေ့ကျတဲ့ အဖြေရှာကြဖို့လည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားသွားပါတယ်။
“ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးပွဲတွေ လုပ်တဲ့နေရာမှာ လက်တွေ့ကျတဲ့ အဖြေတွေရှာဖို့ ကျမအနေနဲ့ တိုက်တွန်းချင်ပါတယ်။ နောက်ပြီးတော့လည်း ကျမတို့ဟာ အတိတ်ကိုသင်ခန်းစာယူဖို့သာ သုံးစွဲဖို့ အင်မတန်မှာ အရေးကြီးပါတယ်။ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုကို လျောက်တဲ့လမ်းမှာဆိုရင် အတိတ်ကိုမမေ့နိုင်တဲ့ အတိတ်ရဲ့ သားကောင်အဖြစ်မှ လွတ်မြောက်အောင် မရုန်းကန်နိုင်လို့ ဒီလို ကိုယ့်ကိုယ်ကိုယ် လွတ်လပ်အောင် အတိတ်ကနေ လွတ်လပ်အောင် မလုပ်နိုင်တဲ့ ကိစ္စတွေကြောင့်မို့လို့ အထစ်အငေါ့တွေ အများကြီးဖြစ်ပါတယ်။ အတိတ်ဆိုတာဟာ သင်ခန်းစာယူဖို့ပါပဲ ကျမတို့အတွက် အရေးအကြီးဆုံးကတော့ ပစ္စုပ္ပန်ပဲဖြစ်ပါတယ်။ ပစ္စုပ္ပန်မှာ ဒီမိုကရေစီအတွက် ရုန်းကန်တဲ့အခါမှာ ရိုးရိုးလေးစဉ်းစားပါ။ ကိုယ်တိုင်က ဒီမိုကရေစီအတွက် ဘာလုပ်နေကြလဲ၊ ဘာလုပ်ပေးကြလဲ၊ ဒါဟာ အစိုးရအဖွဲ့ဝင်တွေမှာတော့ အဓိက တာဝန်ရှိပါတယ်။ သို့သော်ငြားလည်း ပြည်သူပြည်သား တယောက်ချင်း တယောက်ချင်းအပေါ်မှာ တာဝန်ရှိပါတယ်။”
မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ပေးခဲ့ကြတဲ့ ခေါင်းဆောင်တွေ၊ အမည်မသိရဲဘော်တွေနဲ့ ပြည်သူတွေအပေါ် ကျေးဇူးတရားသိတဲ့အနေနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲဖို့အတွက် ဆောင်ရွက်တာဖြစ်တယ်၊ ကိုယ့်ကိုယ်ကိုယ်သစ္စာရှိဖို့နဲ့ ပြည်သူအပေါ် မေတ္တာစေတနာထားဖို့လည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောသွားပါတယ်။
သြဂုတ် ၁၁ ရက်နေ ၁၃ ရက်ထိ ၃ ရက်ကြာ ဒီဆွေးနွေးနွေးပွဲမှာ ပြည်တွင်းပြည်ပ ပညာရှင်တွေက နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ငြိမ်းချမ်းရေး၊ အရပ်ဘက်စစ်ဘက်ဆက်ဆံရေးနဲ့ မီဒီယာကဏ္ဍတွေနဲ့ ပတ်သက်ပြီး ရှုထောင့်ပေါင်းစုံက ဆွေးနွေးကြမှာ ဖြစ်ပါတယ်။