ထိုင်းနိုင်ငံမှာ ပညာသင်ကြားနေကြတဲ့ ရွှေ့ပြောင်း မြန်မာကလေးငယ်တွေကို မြန်မာ့ယဉ်ကျေးမှုနဲ့ ဘာသာစကားတွေ သင်ကြားပေးနိုင်ဖို့ မြန်မာနိုင်ငံနဲ့ ကနဦး သဘောတူညီမှု ရရှိခဲ့ပြီးဖြစ်တယ်လို့ ထိုင်းပညာရေးဝန်ကြီးဌာနက ပြောပါတယ်။
ဒီလုပ်ဆောင်မှုဟာ ထိုင်းနိုင်ငံကို အကြောင်းအမျိုးမျိုးနဲ့ ရောက်ရှိ ပညာသင်ကြားနေကြတဲ့ ရွှေ့ပြောင်းကလေးငယ်တွေ နေရပ်ပြန်ချိန်မှာ အဆင်ပြေစေနိုင်ဖို့ ပြင်ဆင်ထားတာဖြစ်တယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံမှာ နေထိုင် ပညာသင်ကြားနေကြတဲ့ ရွှေ့ပြောင်းကလေးငယ်တွေ ထောင်နဲ့ချီရှိနေပြီး သူတို့တွေကို မြန်မာ့ယဉ်ကျေးမှုနဲ့ ဘာသာစကားဆိုင်ရာ သင်ခန်းစာတွေ လေ့ကျင့်သင်ကြားပေးနိုင်ရေး မြန်မာနိုင်ငံဘက်မှ ဆရာ၊ ဆရာမတွေ ပို့ပေးဖို့ ပြီးခဲ့တဲ့လက တောင်းဆိုခဲ့တယ်လို့ ထိုင်းပညာရေးဝန်ကြီး တီရာကီရက်တ် ဂျာရီယွန်ဆက်တ်ဆင်က ပြောပါတယ်။
“ဒီ(ထိုင်း)မှာရှိတဲ့ မြန်မာကလေးတွေ ကြီးလာတဲ့အခါ ကိုယ့်ဘာသာစကားကို မပြောတတ်၊ မရေးတတ်မှာကို မြန်မာအစိုးရက စိုးရိမ်နေတာပါ။ သူတို့အနေနဲ့ မြန်မာ့ယဉ်ကျေးမှုတွေ၊ သမိုင်းတွေ အကြောင်းကို စာသင်ခန်းတွေထဲမှာ သင်ကြားပေးစေချင်တယ်။ ဒါကြောင့် ကျနော်တို့ကို ပူးပေါင်းပါဝင်ဖို့၊ ကူညီပေးဖို့ တောင်းဆိုခဲ့ကြတာပါ။”
ထိုင်းနိုင်ငံအနေနဲ့လည်း ဒီကိစ္စမှာ ပူးပေါင်းဖို့ ဆန္ဒရှိနေပြီး ဒါဟာ ကလေးငယ်တွေအတွက် သူတို့နိုင်ငံကို ပြန်တဲ့အချိန်ကျရင် အကျိုးဖြစ်ထွန်းစေနိုင်မှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
“ဒီစီမံကိန်းက မြန်မာရွှေ့ပြောင်းကလေးငယ်တွေကို အထောက်အပံ့ ဖြစ်စေပါလိမ့်မယ်။ သူတို့အနေနဲ့ ကိုယ်ပိုင် မြန်မာဘာသာစကားကို မရေးနိုင်၊ မဖတ်နိုင်ဘူးဆိုရင် အနာဂတ်ကာလမှာ ခက်ခဲမှုတွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။”
မကြာသေးခင်က ကောက်ယူခဲ့တဲ့ စစ်တမ်းတခုအရ ထိုင်းနိုင်ငံမှာ လက်ရှိ ရွှေ့ပြောင်းနေထိုင်သူ ၁ သန်းလောက်ရှိတယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။