Home
မြန်မာသတင်း
ညောင်လေးပင်တွင် လမ်းလျှောက်လာသူ ၁ ဦး ယာဉ်တိုက်မိ၍ သေဆုံး
DVB
·
August 10, 2017
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ အင်းဝိုင်းကျေးရွာအနီးမှာ သြဂုတ်လ ၉ ရက် ည ၁၁ နာရီလောက်က လမ်းလျှောက်လာသူတဦး ယာဉ်တိုက်မိပြီး သေဆုံးခဲ့တယ်လို့ မြို့မရဲစခန်းမှူးက ပြောပါတယ်။ ညောင်လေးပင်-မဒေါက်ကားလမ်းပေါ်မှာ ညောင်လေးပင်ကနေ အင်းဝိုင်းကျေးရွာကို လမ်းလျှောက်လာစဉ် လားရာတူ မောင်းနှင်လာတဲ့ ယာဉ်တစီးက အနောက်က ဝင်ရောက်တိုက်မိခဲ့တာ ဖြစ်ပါတယ်။ ဒု-ရဲမှူး ဇော်မိုးက “ကျနော်တို့ကို ယာဉ်တိုက်မှုဖြစ်သွားတယ်လို့ ဖုန်းဆက် အကြောင်းကြားလို့ သွားရောက်စစ်ဆေးခဲ့တာပါ။ အနီးအနားမှာတော့ ပြန့်ကြဲနေတဲ့ဆန်တွေ၊ ဆန်အိတ်အပိုင်းအစတွေ တွေ့ပါတယ်။ သေဆုံးသူရဲ့ ကျောကုန်းမှာလည်း လမ်းနဲ့ တရွက်တိုက် ပါသွားသလို အစင်းရာတွေ့ပါတယ်။ ဆန်အိပ်တင်လာတဲ့ကားလား ဆိုင်ကယ်လားတော့ မသိရသေးပါဘူး။ မောင်းလာတဲ့ ယာဉ်ပေါ်က ဆန်အိတ်ပြုက်ကျခဲ့တာ ဖြစ်နိုင်ပါတယ်။ ယာဉ်နဲ့ယာဉ်မောင်းကတော့ ထွက်ပြေးတိမ်းရှောင်နေပါတယ်။ ခုတော့ ကျနော်တို့ မဒေါက်ရဲစခန်းနဲ့ ချိတ်ဆက်ပြီး ယာဉ်အဝင်အထွက် စာရင်းတွေကို စစ်ဆေးနေပါတယ်လို့” ဒီဗွီဘီ ကိုပြောပါတယ်။ ယာဉ်တိုက်မှုကြောင့် ပုဇွန်မြောင်းကျေးရွာနေ ဝင်းဗိုလ်ဆိုသူမှာ ဦးခေါင်းနောက်စေ့ ပေါက်ပြဲဒဏ်ရာ၊ တင်ပါးပွန်းခြစ်၊ လက်ပြင်ပွန်းခြစ် ဒဏ်ရာတို့ရရှိပြီး သေဆုံးခဲ့တာဖြစ်ပါတယ်။ ညောင်လေးပင် မြို့မရဲစခန်းက အသက်သေဆုံးသည်အထိ ယာဉ်မဆင်မခြင် မောင်းနှင်ပြီး ထွက်ပြေးနေသူကို ရာဇသတ်ကြီးပုဒ်မ-၃၀၄(က) ၂၀၂ တို့နဲ့ အမှုဖွင့် ထားတယ်လို့ သိရပါတယ်။ သတင်း၊ဓာတ်ပုံ-နေလင်းထိုက်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024