Wednesday, May 31, 2023
HomeLead Storyအကြမ်းဖက်သမားများကို အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေအရ အရေးယူရန် တိုက်တွန်းသည့်အဆို လွှတ်တော်၌ ဆွေးနွေးရန်ဆုံးဖြတ်

အကြမ်းဖက်သမားများကို အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေအရ အရေးယူရန် တိုက်တွန်းသည့်အဆို လွှတ်တော်၌ ဆွေးနွေးရန်ဆုံးဖြတ်

ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောနဲ့ ရသေ့တောင်မြို့နယ်တွေမှာ လှုပ်ရှားနေတဲ့ အကြမ်းဖက်အဖွဲ့ဝင်တွေကို ဖော်ထုတ်ပြီး အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေအရ အရေးယူဖို့နဲ့ နေရပ်စွန့်ခွာ ထွက်ပြေးလာတဲ့ တိုင်းရင်းသားတွေ ဆက်လက်ရပ်တည်နိုင်ရေး ဆောင်ရွက်ပေးဖို့ အစိုးရအား တိုက်တွန်းကြောင်း အဆိုတရပ်ကို အမျိုးသားလွှတ်တော်မှာ တင်သွင်းလိုက်ပါတယ်။

ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ် ၃ မှ ဦးခင်မောင်လတ်က သြဂုတ် ၉ ရက်က အမျိုးသားလွှတ်တော် အစည်းအဝေးမှာ တင်သွင်းခဲ့တာဖြစ်ပြီး အဆိုနဲ့ပတ်သက်လို့ လက်ခံဆွေးနွေးဖို့ သဘောထားရယူရာမှာ ကန့်ကွက်သူမရှိ အတည်ပြုခဲ့ကာ ဆွေးနွေးလိုတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ အမည်စာရင်း တင်သွင်းနိုင်ကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ကြေညာခဲ့ပါတယ်။

အဆိုရှင် ဦးခင်မောင်လတ်က လွှတ်တော်မှာ ဆွေးနွေးရာမှာ သတ်ဖြတ်မှုတွေ ဆက်တိုက်ဖြစ်နေတာကြောင့် မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်တွေမှာ ရခိုင်မျိုးနွယ်စုဝင် လူနည်းစုတွေရဲ့ ရုပ်ပိုင်းနဲ့ စိတ်ပိုင်းအခြေအနေတွေ ဆိုးရွားကျဆင်းပြီး နေရပ်စွန့်ခွာ ထွက်ပြေးတဲ့ အခြေအနေ ရောက်နေတယ်၊ ဒီအခြေအနေဟာ ဒုတိယကမ္ဘာစစ်ကာလ ၁၉၄၂ ခုနှစ်မှာ ရခိုင်မျိုးနွယ်တွေ သတ်ဖြတ်ခြင်းခံခဲ့ရတဲ့ အကြိုကာလ အဖြစ်အပျက်တွေနဲ့ ထပ်တူကျနေတယ်၊ ဘူးသီးတောင်၊ မောင်တောဒေသမှာ လွန်ခဲ့တဲ့ နှစ်လ၊ သုံးလအတွင်း ဖြစ်စဉ်တွေကို ပြန်ကြည့်ရင် တိုင်းရင်းသားလူနည်းစုတွေရဲ့ စိုးရိမ်ကြောက်လန့်မှုဟာ အကြောင်းမဲ့သက်သက်မဟုတ်ဘဲ အကြမ်းဖက်လုပ်ရပ်တွေ အရှိန်မြှင့်လာပြီး အခြေအနေပိုဆိုးဖို့ အလားအလာရှိတဲ့အတွက် ခုလို အဆိုတင်သွင်းရတာလို့ ပြောသွားပါတယ်။

ဒါ့အပြင် ဘူးသီးတောင်၊ မောင်တောဒေသကို ဖိလစ်ပိုင်နိုင်ငံ မာရာဝီဒေသလို ဖြစ်လာနိုင်တယ်လို့ နိုင်ငံတကာ ပညာရှင်တချို့က သုံးသပ်ထားကြောင်း၊ အယ်လ်ကိုင်းဒါး၊ တာလီဘန် စတဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေရဲ့ အကြမ်းဖက်နယ်မြေသစ်ဟာ အရှေ့တောင်အာရှဖြစ်ပြီး အယ်လ်ကိုင်းဒါးခေါင်းဆောင် ဇဝါဟာရီက မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယအရှေ့မြောက်ပိုင်းက မွတ်ဆလင်တွေအတွက် အယ်လ်ကိုင်းဒါး အိန္ဒိယ မွတ်ဆလင်အဖွဲ့ခွဲ ဖွဲ့စည်းထားတယ်လို့ တရားဝင်ကြေညာထားကြောင်း၊ ၂၀၁၆ ကမ္ဘာ့အကြမ်းဖက်မှု အညွှန်းကိန်းအရ မြန်မာနိုင်ငံဟာ အဆင့် ၄၅ သို့ ရောက်ရှိနေပြီး ဘူးသီးတောင်၊ မောင်တောဒေသရဲ့ အကြမ်းဖက်ခံရနိုင်မှု အခြေအနေ အလွန်မြင့်မားနေကြောင်းလည်း အဆိုရှင်က ဆွေးနွေးသွားပါတယ်။

ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၁) မှ ဒေါ်ထုမေကတော့ မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်နေ ပြည်သူတွေရဲ့ အသက်အန္တရာယ်နဲ့ အေးချမ်းတည်ငြိမ်စွာ လုပ်ကိုင်စားသောက်ရေးကို ထိထိရောက်ရောက် ကာကွယ်နိုင်ဖို့ လုံခြုံရေးအင်အား တိုးမြှင့်ဆောင်ရွက်ပေးဖို့၊ တိုင်းရင်းသားပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ကာကွယ်မှု တိုးမြှင့်ဆောင်ရွက်ပေးဖို့နဲ့ အပြစ်မဲ့ပြည်သူတွေကို ရက်စက်စွာ သတ်ဖြတ်နေကြတဲ့ အကြမ်းဖက်အဖွဲ့တွေကို ထိထိရောက်ရောက် အမြန်ဆုံး အရေးယူဖို့ အရေးတကြီး လိုအပ်နေတယ်လို့ ထောက်ခံဆွေးနွေးသွားပါတယ်။

ရခိုင်ပြည်နယ်၊ မောင်တောဒေသထဲမှာ ၂၀၁၆ ခုနှစ် အောက်တိုဘာလမှ ၂၀၁၇ ဇွန်လ ၃၀ ရက်အထိ အပြစ်မဲ့ပြည်သူ ၄၀ ကျော် အကြမ်းဖက်သတ်ဖြတ်ခံရပြီး ဖမ်းဆီးခံရလို့ ပျောက်ဆုံးနေသူ ၂၀ ကျော်ရှိတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီက ထုတ်ပြန်ထားပါတယ်။

လက်ရှိ ရခိုင်ပြည်နယ်အတွင်း လုံခြုံရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှု အခြေအနေနဲ့ ပတ်သက်လို့တော့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင်  အစိုးရအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ပါဝင်တဲ့ အစည်းအဝေးကို မနေ့မွန်းလွဲပိုင်းက နေပြည်တော် သမ္မတအိမ်တော်မှာ ကျင်းပသွားပါတယ်။

အစည်းအဝေးကို ပြည်ထဲရေးဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ကာကွယ်ရေးဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီးစိန်ဝင်း၊ နယ်စပ်ရေးရာဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီးရဲအောင်၊ လုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်း၊ ရခိုင်ပြည်နယ်ဝန်ကြီးတွေ တက်ရောက်ပြီး  ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်အဖွဲ့ လှုပ်ရှားမှုများအား ထိန်းချုပ်နိုင်မှု အစီအစဉ်၊ လတ်တလော လုံခြုံရေးတပ်ဖွဲ့ဝင်အင်အား ဖြည့်တင်းဆောင်ရွက်နိုင်မှု အခြေအနေတွေ၊ ရေရှည်ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ အစီအမံ လျာထားချက်တွေကို ဆွေးနွေးတင်ပြခဲ့တယ်လို့ သိရပါတယ်။

အလားတူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း  ရခိုင်အမျိုးသားပါတီ ခေါင်းဆောင်တွေနဲ့ မနေ့မွန်းလွဲပိုင်းက သီးခြားတွေ့ဆုံပြီး ရခိုင်ဒေသ တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ပိုမိုပူးပေါင်းလုပ်ဆောင်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။

ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ လုံခြုံရေး ပြဿနာတွေနဲ့ ပတ်သက်ပြီး အကြမ်းဖက်သမားတွေကို အမြစ်ပြတ်ချေမှုန်းပေးဖို့ တောင်းဆိုတဲ့အနေနဲ့ လာမယ့် သြဂုတ် ၁၃ ရက်နေ့ မွန်းလွဲ ၁ နာရီ ရခိုင်ပြည်နယ်တခုလုံးမှာ တချိန်တည်း တပြိုင်တည်း ဆန္ဒပြကြဖို့  ရခိုင်ဒေသခံ ပြည်သူတွေက စီစဉ်နေပါတယ်။

ဓာတ်ပုံ-အမျိုးသားလွှတ်တော်

RELATED ARTICLES
- Advertisment -
Google search engine

Most Popular