သင်္ကြန်ပိတ်ရက် လုပ်ခ ခံစားခွင့် စက်မှုဇုန် အလုပ်သမားများ တောင်းဆို

သင်္ကြန်ကာလ အလုပ်ပိတ်ရက်တွေအတွက် လုပ်ခလစာတွေ ပေးဖို့ ရန်ကုန် တိုင်း စက်မှုဇုန် အလုပ်သမားသမဂ္ဂက သမ္မတနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူ တွေထံ စာရေးသားပေးပို့ တောင်းဆိုလိုက်ပါတယ်။
စက်မှုဇုန်အလုပ်သမားတွေအနေနဲ့ သင်္ကြန်ကာလ ပိတ်ရက် ၁၀ ရက်မှာ လုပ်ခလစာမရဘဲ နားရတဲ့အတွက် စားဝတ်နေရေး ခက်ခဲကျပ်တည်းတာ ကြောင့် အစိုးရရုံးဝန်ထမ်းများနည်းတူ လုပ်ခလစာအပြည့်ရတဲ့ အလုပ်ပိတ်ရက် အဖြစ် အကျိုးခံစားခွင့် ရရှိဖို့ တောင်းဆိုတာ ဖြစ်ပါတယ်။
ဒီတောင်းဆိုစာကို ရန်ကုန်တိုင်းအတွင်းရှိ စက်မှုဇုန် ၁၈ ခုက အလုပ် သမား နှစ်ထောင်ကျော်ကို ကိုယ်စားပြု တောင်းဆိုတာ ဖြစ်တယ်လို့ ရန်ကုန် တိုင်း စက်မှုဇုန် အလုပ်သမားသမဂ္ဂ ဥက္ကဋ္ဌ ဦးရဲကျော်သူက ပြောပါတယ်။
“ရက်မှန်ကြေး ဆုကြေးငွေတွေလည်း တလကို တသောင်းပေးရင် အကုန်လုံး ဖြတ်ခံရတယ်။ မဆင်းတဲ့ရက်လည်း လုပ်အားခ မပေးဘူး။ ပုံမှန် ဆင်းတဲ့လမှာ ၅ သောင်း ရရင် သင်္ကြန်ပိတ်ရက် ခံသွားတဲ့အခါမှာ ၂ သောင်း ကျော်ကျော်လောက် နစ်နာတယ်။ စက်မှုဇုန်တွေမှာက နေ့စားသမား များ တယ်။ အမြဲတမ်း ဝန်ထမ်းခန့်ထားတာ နည်းတယ်။ ကျနော်တို့ အခြေခံ လူတန်း စားအနေနဲ့ ၁၀ ရက် မဆင်းနိုင်တော့ဘူး ။ အလုပ်ရှင်တွေကလည်း အလုပ်ပိတ်လိုက်တဲ့အခါမှာ လုပ်အားခ နစ်နာတယ်။ စားဝတ်နေရေးလည်း အခက်အခဲ ဖြစ်သွားတာပေါ့။”
သင်္ကြန်ကာလမှာ စက်မှုဇုန်တွေက အလုပ်ရုံ၊ စက်ရုံတွေ အကုန်လုံး ပိတ်တယ်လို့ ပြောပါတယ်။ ရန်ကုန်တိုင်း စက်မှုဇုန် အလုပ်သမားသမဂ္ဂကို ပြီးခဲ့တဲ့နှစ်ကတည်းက ဖွဲ့စည်းထားပြီး၊ သက်ဆိုင်ရာ အလုပ်သမား ဝန်ကြီး ဌာနကို တရားဝင် မှတ်ပုံတင်ထားပေမယ့် ခုထိ ချမပေးသေးဘူးလို့ ဆိုပါ တယ်။
ဒီတောင်းဆိုစာကို နိုင်ငံတကာ အလုပ်သမားအဖွဲ့တွေ ဖြစ်တဲ့ ကမ္ဘာ့ အလုပ်သမားအဖွဲ့ချုပ် (အိုင်အယ်လ်အို)နဲ့ အပြည်ပြည်ဆိုင်ရာ အလုပ် သမား အဖွဲ့ချုပ် (အိုင်တီယူစီ) တွေကိုလည်း မိတ္တူပေးပို့ခဲ့ပါတယ်။