Home
မြန်မာသတင်း
ဒီမိုကရေစီအငြိမ့်ပြိုင်ပွဲအတွက် ပွဲစဉ်ဇယားများ ထုတ်ပြန်
DVB
·
August 9, 2017
ရန်ကုန်မြို့မှာ ပြုလုပ်မယ့် ဒီမိုကရေစီအငြိမ့်ပြိုင်ပွဲဝင် အသင်းတွေရဲ့ ယှဉ်ပြိုင်ရမယ့် အသင်းတွေကို သြဂုတ် ၈ ရက်က  ရန်ကုန်မှာမဲခွဲဆုံးဖြတ်ခဲ့ပြီး ပွဲစဉ် ဇယားတွေကို ထုတ်ပြန်လိုက်ပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာနက ကြီးမှူးကျင်းပတဲ့ ဒီမိုကရေစီအငြိမ့်ပြိုင်ပွဲတွေကို သြဂုတ် ၂၇၊ ၂၈၊ ၂၉ နဲ့ ၃၀ ရက်နေ့တွေမှာ ည ၆ နာရီက စပြီး ရန်ကုန်နဲ့ မန္တလေးက အမျိုးသား ကဇာတ်ရုံတွေမှာ အခမဲ့ ပြသသွားမှာ ဖြစ်ပါတယ်။ အငြိမ့်အဖွဲ့ စုစုပေါင်း ၃၄ ဖွဲ့က ၀င်ရောက်ယှဉ်ပြိုင်ကြမှာလည်း ဖြစ်ပါတယ်။ ရန်ကုန်မြို့မှာတော့ တက္ကသိုလ်ကျောင်းသားအဖွဲ့တွေအပါဝင် အငြိမ့်အဖွဲ့ပေါင်း ၂၁ ဖွဲ့က ၀င်ရောက်ယှဉ်ပြိုင်ကြမှာပါ။ မန္တလေးမှာ ၀င်ရောက်ယှဉ်ပြိုင်မယ့် အဖွဲ့ ၁၃ ဖွဲ့ အတွက်လည်း သြဂုတ် ၉ ရက်နေ့ မန္တလေး မာဗယ် ဟိုတယ်မှာ မဲနှိုက်ဆုံးဖြတ်ပြီး ပွဲစဉ်ဇယား ထုတ်ပြန်သွားမှာ ဖြစ်ပါတယ်။ နိုင်ငံသားတိုင်း ဒီမိုကရေစီဆိုတာ ကိုယ်တိုင်လုပ်မှ ရတယ်ဆိုတာကို သိစေဖို့ ရည်ရွယ်ကျင်းပတာဖြစ်ပြီး လာရောက်ယှဉ်ပြိုင်တဲ့ အငြိမ့်အဖွဲ့တွေ အနေနဲ့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်တဲ့ ပြက်လုံးနဲ့ သီချင်းတပုဒ် ပါဝင်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် တိုင်းရင်းသားအရေး၊ ဘာသာရေးနဲ့ ပုဂ္ဂိုလ်ရေး ထိခိုက်စေမယ့် ပြက်လုံးမျိုးနဲ့ ညစ်ညမ်းလွန်းတဲ့ ပြက်လုံးမျိုး မပြက်ကြဖို့ မေတ္တာရပ်ခံထားတယ်လို့လည်း ပြိုင်ပွဲ ဦးဆောင်စီစဉ် ဆောင်ရွက်နေတဲ့ စွယ်စုံရ အနုပညာရှင် ဇာဂနာက ပြောပါတယ်။ ပြိုင်ပွဲဝင်တဲ့ အသင်းတိုင်းကို ကျပ်  ၅ သိန်းစီ ပေးသွားမှာ ဖြစ်ပြီး ရန်ကန်နဲ့ မန္တလေး အသီးသီးက ဖိုင်နယ် တက်ရောက်မယ့် အသင်း ၆ ဖွဲ့ကို ရန်ကုန် အမျိုးသားကဇတ်ရုံမှာ စက်တင်ဘာ ၂၀ ရက်နဲ့ ၂၁ ရက်နေ့တွေမှာ ဆက်လက် ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာ ပထမဆုရတဲ့ အဖွဲ့က ကျပ် သိန်း ၅၀၊ ဒုတိယ သိန်း ၃၀၊ တတိယ သိန်း ၂၀ ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။ ပရိသတ် အကြိုက်ဆု သိန်း ၂၀၊ အကောင်းဆုံးမင်းသမီးဆုငွေ ကျပ်သိန်း ၂၀၊ အကောင်းဆုံးလူရွှင်တော်အဖွဲ့ ကျပ်သိန်း ၂၀၊ အကောင်းဆုံးဆိုင်းအဖွဲ့ ကျပ်သိန်း ၂၀ အပြင် အထူးဆု ၃ ဆုကို ရွေးချယ်ကာ တဆု ကျပ်ဆယ်သိန်းစီ ချီးမြှင့်သွားမယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024