Home
မြန်မာသတင်း
ဒီဗွီဘီနှင့် ဧရာဝတီသတင်းထောက်များအမှု တရားလို ဗိုလ်သက်နိုင်ဦး၏ တရားခွင်ထွက်ဆိုချက်
DVB
·
August 9, 2017
တီအန်အယ်လ်အေတပ်ဖွဲ့ရဲ့ မူးယစ်ဆေးဝါးဖျက်ဆီးပွဲကို သွားရောက်သတင်းယူခဲ့တဲ့ ဒီဗွီဘီနဲ့ ဧရာဝတီသတင်းထောက် ၃ ဦး အပါအဝင် ၆ ဦးကို သောင်းကျန်းသူတွေနဲ့ ဆက်သွယ်ပူးပေါင်းပါဝင်ခဲ့တယ်လို့ တပ်မတော်က စွပ်စွဲဖမ်းဆီးပြီး မတရားအသင်း အက်ဥပဒေ ပုဒ်မ ၁၇(၁) နဲ့ တရားစွဲထားပါတယ်။ တရားစွဲခံနေရသူတွေကတော့ ဒီဗွီဘီ အကြီးတန်းသတင်းထောက် ဦးအေးနိုင်၊ ဒီဗွီဘီသတင်းထောက် ကိုပြည့်ဘုန်းအောင်၊ ဧရာဝတီသတင်းထောက် ဦးသိန်းဇော် (ခ) လဝီဝမ်၊ ယာဉ်မောင်း စိုင်းအောင်ခမ်း (ခ) အောင်ခန့်၊ ကောင်းခါးပြည်သူ့စစ်အဖွဲ့ဝင် မိုင်းဆန်းညွန့် (ခ) အချမ်းနဲ့ တီးဝိုင်းမှာ ဒရမ်တီးတဲ့ ကိုထွန်းအေးတို့ဖြစ်ကြပြီး တရားလိုကတော့ အမှတ် (၅၀၃) ခြေမြန်တပ်ရင်းက တပ်ရေးဗိုလ်ကြီး ဗိုလ်သက်နိုင်ဦး ဖြစ်ပါတယ်။ ဒီအမှုနဲ့ပတ်သက်လို့ သြဂုတ် ၄ရက်နေ့က သီပေါမြို့နယ် တရားရုံးမှာ တရားလွှတ်တော်ရှေ့နေ ဦးမောင်မောင်ဝင်း အပါအဝင် တရားစွဲခံနေရသူတွေဘက်က အကျိုးဆောင်ရှေ့နေတွေရဲ့ မေးမြန်းချက်တွေကို တရားလိုဖြစ်သူ ဗိုလ်သက်နိုင်ဦးက ထွက်ဆိုဖြေကြားသွားပါတယ်။ အပြည့်အစုံ----- ရှေ့နေ- (၂၆.၆.၂၀၁၇) နေ့ ဘုရားကြီးကုန်း စစ်ဆေးရေးဂိတ်၌ ဖမ်းဆီးရေးနေရာတွင် ရှိပါသလား ဗိုလ်သက်နိုင်ဦး ဖြေ - မရှိပါ။ နမ့်ဆန်မြို့သစ်ကျေးရွာ တီအန်အယ်လ်အေအဖွဲ့မှ ကမ္ဘာ့မူးယစ်ဆေးဝါးတိုက်ဖျက်ရေးပွဲတွင် ကိုယ်တိုင်ရှိပါသလား။ ဖြေ - မရှိပါ။ စွပ်စွဲခံရသောပုဂ္ဂိုလ်များ အခင်းဖြစ်ဒေသသို့ ထွက်ခွာသော သီပေါ အထွက်ဂိတ်၊ နေရာ၊ နေ့ရက် တာဝန်ကျသူများကို သိပါသလား။ ဖြေ - မရှိပါ။ ဂိတ်တွင် စစ်ဆေးမှုပြုလုပ်ပြီး ခွင့်ပြုမှ ဖြတ်သန်းခွင့်ရှိသည်ဆိုလျှင်။ ဖြေ - ထူးခြားဖြစ်စဉ်ရှိ၍ အထက်က စစ်ဆေးရန် ခိုင်းစေလျှင် စစ်ဆေးရပြီး ပုံမှန်အားဖြင့် မစစ်ဆေးရပါ။ တရားလို၏ အဓိကထွက်ဆိုချက်တွင် ပြည်ပသတင်းဌာန သတင်းအဖွဲ့မှ တက်လာသည်ဟူသော ထွက်ဆိုချက်နှင့်ပတ်သက်၍ ယခု စွပ်စွဲခံရသူများသည် ပြည်တွင်းသတင်းဌာနမှ ဖြစ်သည်ဆိုလျင်။ ဖြေ - ကျနော်ဆိုလိုသည်မှာ ဒီဗွီဘီ သတင်းဌာနသည် ပြည်ပ၌ အခြေစိုက်ခြင်းကို ဆိုလိုသည်။ ဒီဗွီဘီ ရုပ်သံသတင်းဌာနသည် လွန်ခဲ့သော ၃ နှစ်ခန့်ကစ၍ တရားဝင် မြန်မာကုမ္ပဏီမှတ်ပုံတင်၍ သတင်းအေဂျင်စီအဖြစ် အစိုးရထံမှ ခွင့်ပြုချက်ယူပြီး လုပ်ကိုင်နေသည့် မြန်မာပြည်အခြေစိုက် သတင်းဌာနဖြစ်သည်ဆိုလျင်။ ဖြေ - မသိပါ။ တီအန်အယ်လ်အေအဖွဲ့၏ ကမ္ဘာ့မူးယစ်ဆေးဝါးတိုက်ဖျက်ရေးပွဲ အထိမ်းအမှတ်လုပ်တဲ့ နေရာမှာ နမ့်ဆန် မြို့သစ်ကျေးရွာ စာသင်ကျောင်းဘေးနေရာဖြစ်သည်ဆိုလျင်။ ဖြေ - ၎င်းကိစ္စနှင့်ပတ်သက်၍ တရားလိုတို့အဖွဲ့ ကြိုတင်သိရှိထားခြင်းမရှိပါ။ တီအန်အယ်လ်အေမှ နမ့်ဆန်မြို့နယ် မြို့သစ်ကျေးရွာ၌ ကျင်းပသော မူးယစ်ဆေးဝါးဖျက်ဆီးပွဲသို့ ပြည်ပသတင်းဌာနမှ သတင်းထောက်များ တက်ရောက်ခဲ့ပြီး ပြန်လာကြောင်း သတင်းအရ ထွက်ဆိုချက်မှန်ပါသလား။ ဖြေ - မှန်ပါသည်။ နမ့်ဆန် မြို့သစ်ကျေးရွာမှာ မည်သူ အုပ်ချုပ်ခွင့်ရဒေသလဲ။ ဖြေ-ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖြစ်သည်။ ထိုဒေသမှာ မကြာခဏတိုက်ပွဲများဖြစ်သည်။ ထိုဒေသတွင် တီအန်အယ်လ်အေအဖွဲ့မှ မကြာခဏ ဖမ်းဆီးမှုများ ပြုလုပ်နေပါသည်။ မြို့သစ်ကျေးရွာ၌ တိုက်ပွဲများ ဖြစ်ခဲ့ဖူးလား။ ဖြေ - ကိုယ်တိုင်စစ်ဆင်ရေးတာဝန် ထမ်းဆောင်ဖူးခြင်းမရှိ၍ မသိပါ။ ၆.၁၂.၂၀၁၆ နေ့မှာ လားရှိုးမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သူမှ အဆိုတင်သွင်းပြီး ထောက်ခံ (၆၃)၊ ကန့်ကွက် (၃၄)၊ ကြားနေ (၇) မဲဖြင့် အဆို အတည်ပြုခဲ့သည်။ ကေအိုင်အေ၊ တီအန်အယ်လ်အေ၊ အမ်အန်ဒီအေအေ အဖွဲ့ ၃ ဖွဲ့ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ခဲ့ကြောင်း လျှောက်လဲထွက်ဆိုပါသည်။ ယင်းအဆိုကို ဆုံးဖြတ်ခဲ့ခြင်းမှာ ရှမ်းပြည်နယ်လွှတ်တော်က ဖြစ်ပါသည်။ ယင်းအဆိုသည် ပြည်နယ်အဆင့် ဥပဒေပြုလွှတ်တော်၏ ဆုံးဖြတ်ချက်ဖြစ်ပါသည်။  လွှတ်တော်ဥက္ကဋ္ဌက နိုင်ငံတော်သမ္မတထံ သဝဏ်လွှာပေးပို့၍ သက်ဆိုင်ရာဌာနသို့ ပေးပို့ရပြီး အုပ်ချုပ်ရေးဌာနမှ အတည်ပြုပြီး ပေးပို့ခဲ့တာမရှိ ဆိုလျင်။ ဖြေ - ယင်းဆောင်ရွက်ထားခြင်းရှိမရှိ မသိပါ။ ပြည်သူ့လွှတ်တော်သည် ရှမ်းပြည်နယ်လွှတ်တော်ထက် အဆင့်မြင့်သော လွှတ်တော်ဆိုလျင်။ ဖြေ - မှန်ပါသည်။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ဒဿမနေ့၌ မိထ္တီလာမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမောင်သင်းက ရှမ်းပြည်နယ် အရှေ့မြောက်ဒေသမှ ကေအိုင်အေ၊ အမ်အန်ဒီအေအေ၊ တီအန်အယ်လ်အေ ပူးပေါင်းအဖွဲ့ လုပ်ရပ်များသည် ပြည်သူများ စစ်ပြေးဘဝရောက်၊ အချုပ်အခြာအာဏာ တည်ငြိမ်အေးချမ်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထိခိုက်ကြောင်း အရေးကြီးအဆို တင်သွင်းသည်ကို သိပါသလား။ ဖြေ - မသိပါ။ ယင်းအဆိုကို ဆွေးနွေးရာ၌ ကေအိုင်အေ၊ အမ်အန်ဒီအေအေ၊ တီအန်အယ်လ်အေတို့အား အကြမ်းဖက်အဖွဲ့အစည်းအဖြစ်သတ်မှတ်ရန် ကိုယ်စားလှယ်အချို့က တင်ပြသည်ကို သိပါသလား။ ဖြေ - မသိပါ။ ယင်းအဆိုကို ပြည်သူ့လွှတ်တော်၌ မဲခွဲဆုံးဖြတ်ရာ၌ ထောက်ခံမဲ (၁၄၁)၊ ကန့်ကွက်မဲ (၂၄၄) မဲဖြင့် ယင်းအဆို ရှုံးနိမ့်သွားသည်ကို သိပါသလား။ ဖြေ - မသိပါ။ ပြည်နယ်လွှတ်တော်က အောင်မြင်ခဲ့သော အဆိုကို အဆင့်မြင့်သော ပြည်သူ့လွှတ်တော်က လွှမ်းမိုးဆုံးဖြတ်ခဲ့သည်ကို သိပါသလား။ ဖြေ - မသိပါ။ တီအန်အယ်လ်အေအဖွဲ့သည် ၂၁ ရာစုပင်လုံညီလာခံ ဒုတိယအကြိမ် အစည်းအဝေးကို အစိုးရက ဖိတ်ကြား၍ တက်ရောက်ခဲ့သည်ကို သိပါသလား။ ဖြေ - မသိပါ။ ၂၁ ရာစုပင်လုံညီလာခံ၌ တပ်မတော်မှ ကိုယ်စားလှယ်ပါသည်ကို သိပါသလား။ ဖြေ - သိပါသည်။ တီအန်အယ်လ်အေအဖွဲ့သည် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် သီးခြားတွေ့ဆုံ ဆွေးနွေးခဲ့သည်ကို သိပါသလား။ ဖြေ - မသိပါ။ နမ့်ဆန်မြို့သစ်ကျေးရွာသည် အများပြည်သူ မသွားမလာရဟု ကန့်သတ်မြေမဟုတ်ဟု ဆိုလျင်။ ဖြေ - ကန့်သတ်နယ်မြေအဖြစ် အထောက်အထား မတင်ပြနိုင်ပါ။ တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်း၊ တပ်မတော်နှင့် စစ်ဖြစ်ပွားသောဒေသဖြစ်သည်။ နိုင်ငံသား မည်သူမဆို မိမိကိုယ်မိမိ လုံခြုံရေးတာဝန်ယူနိုင်လျင် သွားခွင့်ရှိသည်ဆိုလျှင်။ ဖြေ - နိုင်ငံသားများအနေနှင့် မိမိလုံခြုံရေး မိမိတာဝန်ယူလျင် သွားလို့ရပါသည်။ ယင်းသို့ သွားရောက်ပါက သက်ဆိုင်ရာ ရဲစခန်း၊ ထွေအုပ်၊ နယ်မြေတပ်တို့ကို သတင်းပေးရန် မလိုဘဲ သွားနိုင်သည်ဟု ဆိုလျင်။ ဖြေ - မိမိကိုယ်မိမိ တာဝန်ယူပါက တပ်ကို အကြောင်းကြားစရာမလိုပါ။ သွားခွင့်ရှိပါသည်။ ဤအမှုဖြစ်ပွားသောနေရာ နမ့်ဆန်တရားရုံးတွင် စီရင်ပိုင်ခွင့်ရှိသည်ဆိုလျင်။ ဖြေ - မှန်ပါသည်။ တရားလိုအဖြစ် အမှုတွဲပြည့်စုံ၍ မည်သည့်ရုံးကို တရားစွဲ တင်ပို့ခဲ့ပါသလဲ။ ဖြေ - သီပေါမြို့နယ်ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့သည်။ တရားစွဲဆိုရာ၌ နမ့်ဆန်မြို့နယ် တရားရုံးတွင် တရားစွဲတင်ပို့ခဲ့သည်။ ဤအမှုကို တရားလိုကိုယ်တိုင် နမ့်ဆန်တရားရုံးမှ သီပေါရုံးသို့ ပြောင်းရွှေ့စစ်ဆေးပေးရန် ကျောက်မဲတရားရုံးသို့ လျှောက်ထားခဲ့သလား။ ဖြေ - မလျှောက်ခဲ့ပါ။ ရုံးပြောင်းလျှောက်ထားမှုအတွက် စွပ်စွဲခံရသူများကို ကျောက်မဲရုံးသို့ သီပေါရုံးမှ ထုတ်၍ ပို့ခဲ့ရတာ ရှိသလား။ ဖြေ - မရှိပါ။ သက်သေခံပစ္စည်း ၁၉ မျိုးကို ပေးအပ်သူအဖြစ် တရားလိုလက်မှတ်ရေးထိုးခဲ့သည်။ ဒုရဲမှူး သန်းဆွေက လက်ခံခဲ့သည်။ စွပ်စွဲခံရသူထံမှ ပစ္စည်း ၁၉ မျိုးကို  ကိုယ်တိုင် သိမ်းဆည်းခဲ့ခြင်း ရှိပါသလား။ ဖြေ - ကိုယ်တိုင်မဟုတ်ပါ။ သက်သေခံပစ္စည်း ၁၉ မျိုး ရရှိစဉ်က သက်သေခံပစ္စည်းများကို ချိတ်ပိတ်ထားပါသလား။ ဖြေ - ချိတ်ပိတ်ထားခြင်းမရှိပါ။ သက်သေခံပစ္စည်းများမှ ဖုန်းဆင်းမ်ကတ်များ၊ အသံဖမ်းစက်များ၊ ဓာတ်ပုံများ၊ ဖျက်ဆီးထားခြင်း ရှိမရှိ ကိုယ်တိုင် စစ်ဆေးလား။ ဖြေ - ကိုယ်တိုင်မစစ်ဆေးပါ။ ဗိုလ်ကြီးသော်ဇင်အောင် စစ်ဆေးသည်။ သက်သေအဖြစ် တင်ပြထားပါသည်။ တရားစွဲတင်ပို့ရာ၌ တရားစွဲခံရသူ ၁ မှ ၃ ဦးကို ဧရာဝတီ၊ ဒီဗွီဘီ သတင်းထောက်အဖြစ် စွဲဆိုခဲ့ပါသလား။ ဖြေ - သတင်းထောက်အဖြစ် စွဲဆိုခြင်းမဟုတ်ပါ။ မတရားအသင်းကပြုလုပ်သည့် အခမ်းအနား အစည်းအဝေးနှင့်ပတ်သက်၍ စွဲဆိုခြင်းဖြစ်ပါသည်။ သက်သေခံ တယ်လီဖုန်းဆင်းမ်ကတ်၊ မှတ်တမ်း၊ အသံဖမ်းစက်များကို တရားလိုအနေဖြင့် ဖျက်ဆီးပိုင်ခွင့်ရှိလား။ ဖြေ - တပ်မတော်အနေနှင့် ဖျက်ပိုင်ခွင့်ရှိမရှိ မသိပါ။ တရားလိုအနေနဲ့တော့ မဖျက်ပါ။ သက်သေခံပစ္စည်းများကို (၂၆.၆.၂၀၁၇) နေ့က တပ်မတော် စစ်ဆေးရေးဂိတ်မှ သိမ်းဆည်းခဲ့ခြင်းကြောင့် ရုပ်သံထုတ်လွှင့်ခဲ့ခြင်း မရှိသည်ကို သိလား။ ဖြေ - မသိပါ။ ဤအမှုကို ရုပ်သံထုတ်လွှင့်ချက်အပေါ် ဥပဒေနှင့်ငြိစွန်း၍ စွဲဆိုခြင်းမဟုတ်ဘဲ မတရားသင်းနှင့် ဆက်သွယ်၍ စွဲဆိုခြင်းဖြစ်သည်ဆိုလျင်။ ဖြေ - မှန်ပါသည်။ ဧရာဝတီသတင်းဌာနသည် ၂၀၁၃ ခုနှစ်ကတည်းက မြန်မာနိုင်ငံတွင် မှတ်ပုံတင်၍ အခြေစိုက် သတင်းဌာနဖြစ်သည်ဆိုလျင်။ ဖြေ - မသိပါ။ တရားလိုသည် ဤအမှုကို တရားလိုအဖြစ် တရားစွဲဆိုရာ၌ မြို့သစ်ရွာတွင် သွားရောက်စစ်ဆေးခြင်း၊ စွပ်စွဲခံရသူများထံမှ သက်သေခံပစ္စည်း သိမ်းဆည်းရာတွင် ကိုယ်တိုင်ပါဝင်ခဲ့ခြင်းမရှိဆိုလျင်။ ဖြေ - မှန်ပါသည်။ တရားလိုသည် အထက်ပါ ထွက်ဆိုချက်အတိုင်း ကိုယ်တိုင်ပါဝင်ခဲ့ခြင်းမရှိ၍ အခြားသူ ပေးအပ်ပြောကြားချက်ဖြင့် စွဲဆိုခဲ့သည်ဆိုလျင်။ ဖြေ - စွပ်စွဲခံရသူများကို ပန်လုံရွာတွင် ကိုယ်တိုင်သွားခေါ်ခဲ့ပါသည်။ နမ့်ဆန်မြို့သစ်ရွာသည် နမ့်ဆန်မြို့၊ မန်တုံမြို့နှင့် နီးကပ်စွာရှိသည်ဆိုလျင်။ ဖြေ - နမ့်ဆန်နှင့် နီးကပ်စွာရှိသည်ကို သိပါသည်။ မန်တုံတော့မသိပါ။ မြို့သစ်ကျေးရွာတွင် လူနေရပ်ကွက်များစွာဖြင့် လူစည်ကားသော ကျေးရွာအုပ်စုကြီး ဖြစ်ပြီး တိုက်နယ်ဆေးရုံနှင့် အလယ်တန်းကျောင်း တည်ရှိသည်ဆိုလျင်။ ဖြေ - ကိုယ်တိုင်တာဝန်မထမ်းဘူး၍ မသိပါ။ မြို့သစ်ကျေးရွာတွင် အုပ်စုခွဲကျေးရွာများရှိသည်ဆိုလျင်။ ဖြေ - မသွားဘူး၍ မသိပါ။ တရားလိုသည် ထိုကဲ့သို့ မြို့သစ်ကျေးရွာကို မရောက်ဖူး၍ တီအန်အယ်လ်အေကျင်းပသည့် မူးယစ်ဆေးဝါး ဖျက်ဆီးပွဲကို ကိုယ်တိုင်မရောက်ဖူး၍ စွပ်စွဲခံရသူ ၆ ယောက်ကို စွပ်စွဲထားသကဲ့သို့ တီအန်အယ်လ်အေအဖွဲ့ဖြင့် ဆက်သွယ်ပူးပေါင်းပါဝင်ခြင်း အမှန်တကယ်ရှိမရှိ ကိုယ်တိုင်တွေ့မြင်သိရှိခြင်း မရှိဆိုလျင်။ ဖြေ - မျက်စိနှင့်တော့ မတွေ့ပါ။ အချင်းဖြစ်ပွားရာ မူးယစ်ဆေးဝါးတိုက်ဖျက်ပွဲသို့ မြို့သစ်ကျေးရွာ ကျန်းမာရေး၊ အုပ်ချုပ်ရေး၊ ဝန်ထမ်းများအပြင် ပြည်သူများလည်း တက်ရောက်သည်ကို သိပါသလား။ ဖြေ - ကျနော်မသိပါ။ တီအန်အယ်လ်အေသည် အချင်းဖြစ်သည့်နေ့က အစိုးရ၊ တပ်မတော်ကိုသော်လည်းကောင်း ပြစ်တင်ရှုတ်ချသည့် အပြုအမူ ပြုလုပ်ခဲ့ခြင်းမရှိဘဲ အပြုသဘောဖြစ်သည့် မူးယစ်ဆေးဝါး ဖျက်ဆီးခြင်းကိုသာ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဆိုလျင်။ ဖြေ - တပ်မတော်ဝတ်စုံ၊ ယူနီဖောင်း၊ သုံးဆောင်လက်နက်ခဲယမ်းများကို ၎င်းတို့ သိမ်းဆည်းရထားကြောင်း ခင်းကျင်းပြသထားသည်ဟု ကျနော်သိရှိပါသည်။ ထိုကဲ့သို့ ခင်းကျင်းပြသထားကြောင်း တရားလိုအနေနင့် ကိုယ်တိုင် တွေ့မြင်ခြင်းမရှိ။ ဖြေ - မျက်စိနှင့်တော့ မမြင်ပါ။ လူမှုကွန်ရက်စာမျက်နှာ PSLF သတင်းဝက်ဆိုက်တွင်သော်လည်းကောင်း၊ တီအန်အယ်လ်အေ မီးရှို့ဖျက်ဆီးသည့် အခမ်းအနားမှ စစ်တပ်ယူနီဖောင်း၊ စစ်တပ်က သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများကို ခင်းကျင်းပြသထားသည့် ဓာတ်ပုံ မြင်တွေ့ရပါသည်။ ယင်းသို့ သတင်းတင်သည့်အဖွဲ့သည် ပလောင်အဖွဲ့ဖြစ်သည်ဆိုလျင် မှန်ပါသလား။ ဖြေ - မှန်ပါသည်။ စွပ်စွဲခံရသူ ၃ ဦးအနေနှင့် ယင်းကဲ့သို့ နိုင်ငံတော်၊ တပ်မတော်ဂုဏ်သိက္ခာ ကျဆင်းသည့် သတင်းကို မတင်လိုသည့်အပြင် ထိုကဲ့သို့ သတင်းတင်ခြင်းမျိုး ကြိုက်နှစ်သက်မည့် သတင်းထောက် အဆင့်အတန်းမဟုတ်ဟုဆိုလျင်။ ဖြေ- လူတဦးရဲ့စိတ်ဓာတ်ကို မသိနိုင်ပါ။ စွပ်စွဲခံရသူ ဦးသိန်းဇော်အနေဖြင့် ထိုကဲ့သို့ သတင်းယူရာတွင် အခမ်းအနားသတင်းကိုသာ ယူခဲ့ပြီး တီအန်အယ်လ်အေကို တွေ့ဆုံမေးမြန်းခြင်း မရှိသည်ကို သိပါသလား။ ဖြေ - မသိပါ။ ၂၆.၆.၂၀၁၇ နေ့သည် နိုင်ငံတကာ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ဖြစ်၍ အစိုးရ၊ တပ်မတော်၊ ယူဒဗလျူအက်စ်အေ ဝတပ်ဖွဲ့၊ တီအန်အယ်လ်အေကသော်လည်းကောင်း မြန်မာနိုင်ငံတဝန်း မူးယစ်ဆေးဝါး ဖျက်ဆီးပြီး အခမ်းအနားကျင်းပပြုလုပ်သည်ဆိုလျင်။ ဖြေ - အစိုးရပြုလုပ်သည်သာ သိပါသည်။ အခြားပြုလုပ်သည်ကို မသိပါ။ နမ့်ဆန်မြို့နယ်တွင်းတွင် သတင်းထောက်များအနေဖြင့် သတင်းလာယူလျှင် ထွေအုပ်၊ ရဲစခန်း၊ စစ်တပ်ကို အကြောင်းကြားရန် သတင်းမီဒီယာတွေကို ချိတ်ဆက်ညွှန်ကြားချက်မရှိဆိုလျင်။ ဖြေ - အထောက်အထား ယခု တင်ပြနိုင်ခြင်းမရှိပါ။ ၂၆.၆.၂၀၁၇ နေ့တွင် မြို့သစ်ကျေးရွာတွင် တီအန်အယ်လ်အေအနေဖြင့် စစ်တပ်နှင့်သော်လည်းကောင်း၊ ရှမ်းသောင်းကျန်းသူနှင့် သော်လည်းကောင်း တိုက်ပွဲဆင်နွှဲခြင်းမရှိဟုဆိုလျင်။ ဖြေ - မြို့သစ်ရွာတွင်မရှိသော်လည်း အနီးပတ်ဝန်းကျင်တွင် ဖြစ်ပွားနေပါသည်။ စွပ်စွဲခံရသူ သတင်းထောက်များအနေဖြင့် အကယ်၍ မြို့သစ်ကျေးရွာတွင် တိုက်ပွဲဖြစ်နေစေကာမူ မည်သူ့ကိုမျှ ခွင့်ပြုချက်မလို၊ အကြောင်းကြားရန် မလိုဘဲ သတင်းယူပိုင်ခွင့် ရှိသည်ဆိုလျင်။ ဖြေ - စစ်မြေပြင်တွင် အခွင့်အရေးရှိကြောင်း မသိပါ။ သတင်းထောက်များအနေဖြင့် အသက်အန္တရာယ် စိုးရိမ်ရသည့် စစ်မြေပြင်တွင် သွားရောက် သတင်းယူရာတွင် မိမိလုံခြုံရေး လိုအပ်သည်ဟု ယူဆပါက သက်ဆိုင်ရာဌာနများကို အကြောင်းကြားနိုင်သည့် အခွင့်အရေးရှိပြီး ယင်းအခွင့်အရေးကို လိုအပ်ပါက အသုံးချနိုင်သည်၊ မလိုအပ်ပါက အသုံးမချနိုင်သည်ကို သိပါသလား။ (ဤမေးခွန်းကို သီပေါမြို့နယ် တရားသူကြီး ဦးကျော်သူမိုးက ခွင့်မပြု) အရင် သမ္မတဟောင်းဦးသိန်းစိန်လက်ထက်မှစ၍  သတင်းသမားများသည် တိုင်းရင်းသား လက်နက်ကိုင်များသို့ သတင်းသွားယူသည်ကို သိပါသလား။ ဖြေ - မသိပါ။ သတင်းထောက်များသည် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အစိုးရ၊ လက်နက်ကိုင်နှင့် ပြည်သူတို့ သတင်းမှန် ရရှိရေးအတွက် သတင်းတာဝန်ကို ထမ်းဆောင်ခဲ့သည်ဆိုသည်ကို။ ဖြေ - မသိပါ။ သတင်းထောက်များသည် စစ်ဌာနချုပ်ပိုင် နယ်မြေများတွင် သတင်းလာယူရာတွင် တပ်မတော် အဖွဲ့အစည်းကို သတင်းပို့ရမည်ဟု ကန့်သတ်ထားခြင်းမရှိဆိုလျင်။ ဖြေ - မရှိပါ။ ထိုသို့ သတင်းသမားများ တရားလိုတို့ စစ်ဌာနချုပ်ပိုင်နယ်မြေတွင် သတင်းယူသည့်အခါ လိုက်နာရမည့် စည်းကမ်းများ သတ်မှတ်ထုတ်ပြန်ထားခြင်းမရှိဆိုပါလျင်။ ဖြေ - မသိပါ။( အတန်ကြာစဉ်းစားပြီးမှ ဖြေဆိုပါသည်) မသိဟုထွက်ဆိုရာတွင် ယင်းသို့ ထုတ်ပြန်သော စည်းကမ်းချက်မရှိ၍ မသိဟု ထွက်ဆိုပါသလား။ ဖြေ - ယင်းကဲ့သို့ ထုတ်ပြန်သော စည်းကမ်းချက်ကို မဖတ်ဘူး၊ မမြင်ဘူး၍ မသိပါဟု ထွက်ဆိုသည်။ ယင်းသို့ သတင်းသမားအတွက် စစ်မက်ဖြစ်ပွားရာနေရာတွင် လိုက်နာရမည့် စည်းကမ်းချက်ကို လျှို့ဝှက်အဆင့်နဲ့ ထုတ်ပြန်ရမည့် စည်းကမ်း မဟုတ်ဟုဆိုလျင်။ ဖြေ - မှန်ပါသည်။ အခင်းဖြစ်သည့်နေ့က သတင်းသမားများ သတင်းသွားယူရာတွင် သတင်းသမားကိစ္စ သက်သက်သာ သွားရောက်ပြီး စွပ်စွဲထားသည့် ရာဇ၀တ်မှု ကျူးလွန်ရန် ရည်ရွယ်ချက်မရှိဆိုလျင်။ ဖြေ - ဘာရည်ရွယ်ချက်နဲ့သွားလဲ မသိပါ။ သတင်းသမားများ သွားရောက်သော အခင်းဖြစ်နေရာသည် ပုဒ်မ ၁၄၄ ထုတ်ထားသည့် တားမြစ်ဧရိယာ မဟုတ်ဟုဆိုလျင်။ ဖြေ - မှန်ပါသည်။ တရားလိုသည် ရုံးရှေ့ရှိ တရာခံအားလုံးအတွက် လိုပြုတိုင်တန်းသူအဖြစ် လာရောက်ထွက်ဆိုသည်ဟုဆိုလျင်။ ဖြေ - မှန်ပါသည်။ တရားလို တိုင်ကြားသည့် ယခုကိစ္စနှင့်ပတ်သက်ပြီး စွပ်စွဲခံရသူကို ကိုယ်တိုင်ဖမ်းဆီးခြင်းမဟုတ်ဘဲ အခင်းဖြစ်ရာနေရာတွင် ရှိမနေဟုဆိုလျင်။ ဖြေ - မှန်ပါသည်။ ကိုးကန့်မြို့ရှိ ကောင်းခါးဌာနေ ပြည်သူ့စစ်သည် နိုင်ငံတော်မှ အသိအမှတ်ပြု  တရားဝင်အဖွဲ့အစည်းဖြစ်သည်ဆိုလျင်။ ဖြေ - ကောင်းခါးဌာနေပြည်သူ့စစ် ရှိမှန်းသိ၊ တရားဝင်မဝင်မသိ။ ကေဒီအေ အဖွဲ့အစည်းအား သိပါသလား။ ဖြေ - ကေဒီအေ အဖွဲ့အမည်တော့ ကြားမိပါသည်။ ကေဒီအေအဖွဲ့ဆိုသည်မှာ ကောင်းခါးဌာနေ ပြည်သူ့စစ်ဖြစ်သည်ကို သိလား။ ဖြေ - မသိပါ။ ၁၉၉၁ ခုနှစ်ကတည်းက ကေဒီအေ ခေါ် ကောင်းခါး ပြည်သူ့စစ်သည် နိုင်ငံတော်နှင့် ငြိမ်းချမ်းရေး ယူထားသည်ကိုသိလား။ ဖြေ - မသိပါ။ မိုင်းဆန်းညွန့်သည် ကောင်းခါးပြည်သူ့စစ်တွင် တာဝန်ထမ်းဆောင်နေသည်ကို သိလား။ ဖြေ - မသိပါ။ ယခု အခင်းဖြစ်ပွားသည့် ယာဉ် 6F/3107 လင်ခရူဆာ အဖြူရောင်ယာဉ်မှာ ကောင်းခါး ပြည်သူ့စစ်တပ်ဖွဲ့ပိုင် ယာဉ်ဖြစ်သည်ကို သိပါသလား။ ဖြေ - မသိပါ။ အခင်းဖြစ်ယာဉ်အား ကောင်းခါး ပြည်သူ့စစ် လွယ်ခမ်း မန်ကြေစခန်းတွင် အသုံးပြုရန် စီးပွားရေး တာဝန်ခံ ဦးအိုက်ဆန်ကို ထုတ်ပေးထားသည်ကိုသိလား။ ဖြေ - မသိပါ။ ကောင်းခါးပြည်သူ့စစ်မှ စီးပွားရေးတာဝန်ခံ ဦးအိုက်ဆန်သည် နမ့်ဆန်နယ်ရှိ လက်ဖက်ခြောက်၊ ချိုခြောက်၊ စက်ရုံတည်ဆောက်ရန် လေ့လာရန် အခင်းမဖြစ်ခင် တပတ်ခန့်ကတည်းက ကားမောင်းတတ်သည့် ပလောင်လူမျိုး မိုင်းဆန်းညွန့်ကို စေလွှတ်ထားသည်ကို သိပါသလား။ ဖြေ - မသိပါ။ ဦးထွန်းအေး၊ စိုင်းအောင်ခမ်းတို့၏ ကိုယ်ရေးအချက်အလက်များအား တရားလိုက စစ်ဆေးမေးရယူခဲ့သည်ဆိုလျင်။ ဖြေ - တရားလိုနှင့် စစ်ဘက်ရေးရာ ၃ ဦးတို့အတူ ၆ ဦးအား စစ်ဆေးခဲ့ပါသည်။ ထိုသို့ ကိုယ်ရေးချက်ရယူစဉ်က ဦးထွန်းအေးမှာ ဒရမ်တီးသမားဖြစ်ကြောင်း စစ်မေးသိရှိခဲ့ရသည် ဆိုလျင်။ ဖြေ - ဒရမ်တီးသည်ဟုဖြေကြားသိရပါသည်။ စိုင်းအောင်ခမ်းအား ကိုယ်ရေးချက်ရယူစဉ် ရွာဘုန်းကြီးကျောင်းကားမောင်သူဟု သိရှိရသည်ဆိုလျင်။ ဖြေ - မှန်ပါသည်။ ပန်လုံတွင် လက်ခံလွှဲပြောင်းစဉ်က စိုင်းအောင်ခမ်းယာဉ်ပေါ်တွင် ဆရာတော် ၂ ပါး ကိုလည်း လက်ခံ လွှဲပြောင်းရယူခဲ့သေးသည်ဆိုလျင်။ ဖြေ - မှန်ပါသည်။ ရုံးရှေ့ စွပ်စွဲခံရသူ စီးနင်းလာသောယာဉ်ကို အများသူငါ သွားလာလေ့ရှိသော နမ့်ဆန်မြို့အနီး ဘုရားကြီးကုန်းတွင် တပ်မတော်မှ ဖမ်းဆီးခဲ့သည်ဆိုလျင်။ ဖြေ - မသိပါ။ အချင်းဖြစ်သည့်နေ့က အခြားမော်တော်ယာဉ်များလည်း သွားလာလျက်ရှိသည်ဆိုလျင်။ ဖြေ - မသိပါ။ အချင်းဖြစ်သည့်ကားကို ရှာဖွေသည့်နေရာမှာ လမ်းဆုံနေရာဖြစ်သည်ကိုသိလား။ ဖြေ - မသိပါ။ အချင်းဖြစ်သည့်နေ့က ဘုရားကြီးကုန်း ကျေးရွာအနီးရှိ လမ်းပေါ်တွင် သွားလာသူများကိုတော့ ရှာဖွေဖမ်းဆီးပြီး ယခုအမှုကဲ့သို့ စွဲဆိုခဲ့ခြင်းမရှိဆိုလျင်။ ဖြေ - မှန်ပါသည်။ ရုံးရှေ့စွပ်စွဲခံရသူများ စီးနင်းလာသောယာဉ်များကို တပ်မတော်မှ မည်သူမည်ဝါက စတင်ရှာဖွေ စစ်ဆေးခဲ့သလဲ။ ဖြေ - ရှိမနေ၍ မသိပါ။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024