မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှု တိုးလာဟု ဂျပန် သတိပေး

ဓာတ်ပုံ - ရိုက်တာ
မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှု တိုးလာတယ်လို့ ဂျပန်ကာကွယ်ရေး သုံးသပ်ချက်က သတိပေးလိုက်ပါတယ်။ မြောက်ကိုရီးယားရဲ့ လက်နက်အစီအစဉ်ကနေ ရုတ်ချည်း ခြိမ်းခြောက်မှုတွေ ရှိလာနိုင်တယ်လို့ ဂျပန်အစိုးရက ဒီနေ့မှာ သုံးသပ် သတိပေးလိုက်တာပါ။ မြောက်ကိုရီးယားဟာ ဇူလိုင်လထဲက တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် ICBM အမျိုးအစား ဒုံးကျည် ၂ လုံး ပစ်လွှတ် စမ်းသပ်ခဲ့တာပါ။ ဒုံးကျည်တွေဟာ ဂျပန်အနောက်ဘက် ကမ်းရိုးတန်းက ကမ်းလွန်ပင်လယ်ပြင်မှာ ကျရောက်ခဲ့ပါတယ်။ ဒီအမျိုးအစား ဒုံးကျည်ကို ကြားဖြတ်ပစ်ချနိုင်ဖို့ ခက်တယ်လို့ ဂျပန်က နှစ်စဉ် ထုတ်ပြန်နေကျ ကာကွယ်ရေး စက္ကူဖြူစာတမ်းအတွင်း ပြောပါတယ်။ ကုလသမဂ္ဂရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုကို အာခံပြီး မြောက်ကိုရီးယားအစိုးရက ဒုံးကျည်နဲ့ နျူကလီးယား စမ်းသပ်မှုတွေ ဆက်တိုက် ဆက်လုပ်ခဲ့လို့ နည်းပညာတိုးတက်မှုတွေ ရခဲ့တာပါ။ ဒေသတွင်း တရုတ်ရဲ့ စစ်အင်အားတိုးချဲ့မှုကို စိုးရိမ်ကြောင်းလည်း စာမျက်နှာ ၅၆၃ မျက်နှာပါတဲ့ စာတမ်းမှာ ဖော်ပြပါတယ်။ အရှေ့တရုတ်ပင်လယ်အတွင်း လူမနေတဲ့ ကျွန်းငယ်စုတစုအပေါ် ပိုင်နက် အငြင်းပွားနေတဲ့အပြင် ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်ရဲ့ စစ်ရေးကျူးကျော်မှု သမိုင်းတွေကြောင့် တရုတ်နဲ့ ဂျပန်ကြား ဆက်ဆံရေး အဆင်မပြေဖြစ်ခဲ့တာ ကြာပါပြီ။ ရန်သူရဲ့ အခြေစိုက်စခန်းတွေကို ပစ်ခတ်နိုင်စွမ်းရရေး စဉ်းစားဖို့ ကာကွယ်ရေးဝန်ကြီး ဦးဆောင်တဲ့ ဂျပန်ရဲ့ လက်ရှိ အာဏာရပါတီ အမတ်တစုက ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကို အရင်သီတင်းပတ်က တိုက်တွန်းခဲ့ပါတယ်။ ဂျပန်အစိုးရဟာ တခြားနိုင်ငံကို ပစ်ခတ်နိုင်တဲ့ တာလတ်နဲ့ တာဝေးပစ် ခရုဇ်ဒုံးကျည်တွေနဲ့ ဗုံးကြဲလေယာဉ်တွေ ဝယ်ယူပိုင်ဆိုင်ရေး အငြင်းပွားစရာ ကိစ္စတွေကို ခုထိတော့ ရှောင်ရှားနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up