ချင်းမိုင်မှာ ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးဖို့ ပြင်ဆင်နေ
နန်းမြနဒီ
·
March 8, 2012

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံက အလုပ်သမားတွေအတွက် ယာယီပတ်စ်ပို့ကို ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့ မှာ ထုတ်ပေးဖို့ ပြင်ဆင်နေပါတယ်။
[caption id="attachment_22297" align="alignleft" width="300" caption="မြန်မာရွှေ့ပြောင်း အလုပ်သမားများ"]
[/caption]
ချင်းမိုင်ခရိုင်ထဲမှာရှိတဲ့ အလုပ်သမားတွေအတွက် တနေရာတည်း အပြီးလုပ်ပေးမယ့် ၀န်ဆောင်မှုစနစ်ကို ဒီလထဲမှာ စနိုင်အောင် စီစဉ်နေတယ်လို့ ချင်းမိုင်ခရိုင် အလုပ်သမား ရှာဖွေခန့်ထားရေးရုံးက အရာရှိတဦးဖြစ်သူ ခွန်ရိ ချူးချိုင်းပိုးထား ကပြောပါတယ်။
“ထိုင်းအစိုးရဝန်ကြီးအဖွဲ့က မနှစ် နှစ်ကုန်ပိုင်းလောက်က ခွင့်ပြုထားခဲ့ပါတယ်။ ဒါကို အကောင်အထည် ဖော်ဖို့ မနေ့တုန်းက မြန်မာပြည်က တာဝန်ရှိသူတွေက ဆွေးနွေး ခဲ့ကြတယ်။ ပြီးတော့ နေရာ သွားကြည့်ကြတယ်။ ကွန်ပျူတာတွေ၊ ဝန်ထမ်းတွေ အစစ အရာရာ အဆင်သင့်ဖြစ်ရင် တရားဝင် ကြေညာပေးမယ်။ အတတ်နိုင်ဆုံး အမြန်ဆုံး ဖွင့်လှစ်နိုင်ဖို့ ကြိုးစားနေပါတယ်။”
ဝန်ဆောင်မှုလုပ်ငန်းတွေကို ချင်းမိုင် နှစ်၇၀၀ပြည့် အားကစားကွင်းထဲမှာ ဒီလ ၁၄ရက်နေ့ ကစပြီး ဖွင့်လှစ် နိုင်ဖို့ လျာထားတယ်လို့ ခွန်ရိချူးချိုင်းက ပြောပါတယ်။ မြန်မာပြည်က လူဝင်မှုကြီးကြပ်ရေး၊ အထူးရဲတပ်ဖွဲ့နဲ့ အလုပ်သမား ၀န်ကြီးဌာနဆိုင်ရာ ၀န်ထမ်းတွေ လာရောက် လုပ်ကိုင်ပေးမှာ ဖြစ်ပြီး နိုင်ငံသားစိစစ်ခြင်း၊ နိုင်ငံကူးလက်မှတ် ထုတ်ပေးခြင်း၊ ဗီဇာတံဆိပ်ထုခြင်း စတဲ့ ကိစ္စတွေကို တနေရာထဲ အပြီး လုပ်ပေးမှာ ဖြစ်တာကြောင့် အထောက်အထား ပြည့်စုံရင် ၁ နာရီ အတွင်း ပြီးသွားမယ်လို့ မြန်မာအရာရှိ တယောက်က ပြောပါတယ်။
အရင်က နိုင်ငံသားစိစစ်ရေး ကျပြီးသား သူတွေအနေနဲ့ လက်ရှိ မြ၀တီ၊ ကော့သောင်းနဲ့ တာချီလိတ် မြို့တွေမှာ ဆက်လုပ်သွားပြီး နောက် လုပ်မယ့်သူတွေအတွက် ထိုင်းနိုင်ငံ ချင်းမိုင်၊ ဘန်ကောက်၊ ဆူရတ်ဌာနီ ၊ ဆမွတ် ဆာခွန်းနဲ့ တာ့ခ် ခရိုင်တွေမှာ လုပ်ကိုင် ပေးသွားမယ်လို့ သူက ပြောပါတယ်။
ထိုင်းနိုင်ငံမှာ မြန်မာပြည်က အလုပ်သမား စုစုပေါင်း ၂ သန်းကျော် ရှိတယ်လို့ အလုပ်သမားအရေး လုပ်ကိုင်နေတဲ့ အဖွဲ့အစည်းတွေက ပြောပါတယ်။
