Home
မြန်မာသတင်း
မြိတ်ဆေးရုံတွင် ထိုင်း၊ မြန်မာ ဆရာဝန်ကြီးများ ပူးပေါင်း၍ နားရောဂါ အခမဲ့ခွဲစိတ်ကုသပေး
DVB
·
August 7, 2017
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ မြိတ်ပြည်သူ့ဆေးရုံကြီးမှာ ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံက ဆရာဝန်ကြီးတွေ ပူးပေါင်းပြီး နားရောဂါ အခမဲ့ ခွဲစိတ်ကုသတာကို သြဂုတ်လ ၇ ရက်နေ့မှ ၉ ရက်နေ့အထိ ခွဲစိတ်ကုသပေးနေတယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံက Rajaviths Hospital မှ ဥက္ကဋ္ဌ Marus Potaporn ဦးဆောင်တဲ့ ဆရာဝန်ကြီး ၂၄ ဦးနဲ့ တာမွေ နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆေးရုံကြီးက တွဲဖက်ပါမောက္ခ ဒေါက်တာခင်စန်းလွင် ဦးဆောင်တဲ့ ဆရာဝန်ကြီး ၆ ဦးတို့ ပူးပေါင်ပြီး နားရောဂါဝေဒနာ ခံစားနေရတဲ့ လူနာတွေကို အခမဲ့ ခွဲစိတ်ကုသပေးနေတာပါ။ မြိတ်ပြည်သူ့ဆေးရုံကြီးမှ နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆရာဝန်ကြီး ဒေါက်တာ ချိုနွယ်ဦး က “ထိုင်းနိုင်ငံ ဆရာဝန်ကြီးများအဖွဲ့က မြန်မာနိုင်ငံမှာရှိတဲ့ မြို့တွေကို လိုက်လံကုသ ပေးတာပါ။ ဒီနှစ်တော့ မြိတ်မြို့ကို ရွေးချယ်ခဲ့ပါတယ်။ မြန်မာနိုင်ငံဘက်က နား၊ နှာခေါင်း၊ လည်ချောင်း ဆေးရုံက ဆရာဝန်ကြီး ၆ ဦးက ပါဝင်ပူးပေါင်း ဆောင်ရွက်ပေးပါတယ်။ အရင်နှစ်ကတော့ ထားဝယ်မြို့မှာ ကုသပေးခဲ့ပြီး ဒီနှစ်မှာ ဘိတ်မှာ ကုသပေးပါတယ်”လို့ ပြောပါတယ်။ ပျမ်းမျှ တနေ့ကို လူနာ ၁၄၀ ဦးနှုန်း လက်ခံကုသပေးမှာ ဖြစ်သလို လူဦးရေ ကန့်သတ်ထားတာ မရှိပါဘူး။ “ဝေးလံတဲ့နေရာတွေ၊ နား နှာခေါင်း လည်ချောင်းဆေးရုံကြီးမှာ သွားရောက်ကုသဖို့ ခက်ခဲတဲ့ အခြေခံလူတန်းစား လူနာတွေကို အဓိကထား လိုက်လံကုသပေးပါတယ်။ မြန်မာနိုင်ငံမှာ အခုအကြိမ်ဆို ၁၂ ကြိမ်မြောက် လာရောက်ကုသပေးတာ ဖြစ်ပါတယ်”လို့ ထိုင်းနိုင်င်ငံရှိ Rajaviths Hospital မှ ဥက္ကဌ Marus Potaporn က ပြောပါတယ်။ အခုလို နားရောဂါ အခမဲ့ ခွဲစိတ်ကုသ ဆောင်ရွက်တာဟာ မြန်မာ-ထိုင်း ချစ်ကြည်ရေးအတွက် ပူးပေါင်းဆောင်ရွက်တာ ဖြစ်တယ်လို့ သိရပါတယ်။ သတင်း - မြတ်ထွဋ်(မြိတ်)

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024