ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည့် မြို့နယ်အချို့တွင် မဲမသမာမှုများတွေ့ရှိ
DVB
·
March 7, 2012
ဧပြီလ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမယ့် မအူပင်မြို့က ထုတ်ပြန်တဲ့ မဲစာရင်းတွေမှာ မသမာမှုတွေ တွေ့ရတယ်လို့  မအူပင်မြို့ခံတွေက ပြောပါတယ်။
[caption id="attachment_15363" align="alignleft" width="300" caption="မဲ ရေတွက်နေစဉ် (၂၀၁၀ ရွေးကောက်ပွဲ)"][/caption]
နာမည်စာလုံးပေါင်း မှားယွင်းတာ၊ မှတ်ပုံတင် နံပါတ်မှားနေတာ၊ သေဆုံးသူ၊ ပြောင်းရွှေ့သွား သူတွေနဲ့ စိတ်ဝေဒနာရှင် အမည်တွေပါနေတာ၊ ရက်ပေါင်း ၁၈၀ကျော် နေထိုင်သူ တွေရဲ့ အမည်စာရင်းမပါပဲ အသက်မပြည့်သူ စာရင်းပါနေတာတွေကို တွေ့ရှိနေရတယ်လို့ မအူပင်မြို့ခံတွေက ပြောပါတယ်။
မှားယွင်းမှုတွေကို စတင်ကြေညာပြီး ၁၅ ရက်အတွင်း လာရောက် အကြောင်းကြားဖို့ ရပ်ကွက် ကော်မရှင်အဖွဲ့ခွဲက ကြေညာထားပေမယ့် လာမကြည့်မိသူတွေအတွက် မဲပေးခွင့် ဆုံးရှုံးရနိုင်ပြီး ဒေသခံတွေက စိုးရိမ်နေကြ တယ်လို့ မဲစာရင်း ကူစစ်ပေးတဲ့ မအူပင်မြို့ခံ အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင် တဦးက ပြောပါတယ်။
“အချို့ကျတော့လည်း အပြင်ကို ၁ နာရီ လောက်ပဲ ထုတ်တယ်။ ကျန် တာ ရုံးထဲကို ပိတ်ထားတယ်။ တချို့ကျတော့လည်း တနေကုန် ရုံးထဲမှာ ပိတ် ထား တယ်။ စစ်တဲ့သူလာမှ ခုံပေါ်မှာ ဖြန့်ပြတယ်လို့ သတင်းရတယ်။ ဒီလို ကြားတဲ့အတွက် အခု ရပ်ကွက်တွေကို သွားမယ်။ မဲစာရင်း ထားပုံ ထားနည်း မူမှန်၊ မမှန်ကို ကြည့်မယ်။ အဲဒီတော့ ရပ်ကွက်ထဲက ၄၊ ၅ ယောက်ကို မဲစာရင်း စာရွက်ကို ကြည့်ခိုင်းမယ်။ သူတို့မှတ်ပုံတင်နဲ့ ကိုက်ညီမှု ရှိ မရှိ၊ မှန် မမှန်ကို ကြည့်ခိုင်းမယ်။ အခု အဲဒီကို ကျမတို့ အန်အယ်လ်ဒီအဖွဲ့ ဆက်သွားမယ်။”
စာရင်းမှားနေရင် ချက်ချင်းလာပြောဖို့လည်း ရပ်ကွက်ကော်မရှင် အဖွဲ့ ခွဲရုံး က အဖွဲ့ဝင်တဦးက ခုလို ပြောပါတယ်။
“မဲရုံနံပါတ်မှာ ကိုယ့်နာမည်နဲ့ နံပါတ် မပါရင် ဘယ်သူနဲ့ မှားနေတယ်။ ကိုယ့်နာမည်နဲ့ နံပါတ် မပါဘူးဆိုရင် ကာယကံရှင်တွေကိုယ်တိုင် လာပြောပါ။ ”
ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမယ့် ရန်ကုန်တိုင်း ဒေသကြီးထဲက မင်္ဂလာတောင်ညွန့် မြို့နယ်မှာလဲ မဲစာရင်း မှားယွင်းမှုတွေ တွေ့နေရတယ်လို့ သိရပါတယ်။