တောင်ကြီးမြို့တွင် H1N1 သံသယ လူနာတဦး တွေ့ရှိ
DVB
·
August 5, 2017
ရှမ်းပြည်နယ် တောင်ကြီးမြို့ မိခင်နဲ့ကလေးဆေးရုံကြီးမှာ သြဂုတ် ၄ ရက်နေ့ H1N1 ရောဂါ သံသယလူနာတဦးအား တွေ့ရှိခဲ့တယ်လို့ ရှမ်းပြည်နယ်ကျန်းမာရေးမှူးဆီက သိရပါတယ်။
“ပုံမှန်ဖျားနေတဲ့ လူနာကိုစစ်လို့ တွေ့ရှိတာဖြစ်တယ်။ ရောဂါပိုးရှိတယ်လို့ အတည်ပြုမရသေးပါဘူး။ နှာခေါင်းတို့ဖတ်ကို အမျိုးသားကျန်းမာရေးဌာနကို နေ့လယ်ပိုင်းမှာ ပို့ထားမယ်၊ နှာခေါင်းတို့ဖတ် အဖြေရလာတဲ့အပေါ် မူတည်တယ်" လို့ ရှမ်းပြည်နယ် ပြည်နယ်ကျန်းမာရေးမှူး ဒေါက်တာစိုင်းမင်းဇော်လိုင်က ပြောပါတယ်။
သံသယလူနာကို သီးသန့်ခန်းနဲ့ ကုသထားပြီး နှာခေါင်းတို့ဖတ်ကို အမျိုးသား ကျန်းမာရေးဌာနကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
ရှမ်းပြည်နယ်တောင်ကြီးမြို့မှာ လောလောဆယ် သံသယရှိလူနာတဦး သာတွေ့ရှိပြီး ကြိုတင်ကာကွယ်မှု ပညာပေးကို ဆက်လက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
လက်ရှိလူနာဟာ ကလောမြို့နယ်၊ ဟဲဟိုးမြို့အနီး ပုန်းအင်းရွာမှာ နေထိုင်တဲ့ အသက် ၅ နှစ်အရွယ် မိန်းကလေးဖြစ်တယ်လို့ သိရပါတယ်။