DVB Logo
Home
သုံးသပျခကျြ
သမ္မတ ဦး​သိန်း​စိန် လက်ထက် ထာဝရငြိမ်း​ချမ်း​ရေး​ ရနိုင်မလား
DVB
·
March 7, 2012
သမ္မတ ဦး​သိန်း​စိန် လက်ထက် ထာဝရငြိမ်း​ချမ်း​ရေး​ ရနိုင်မလား
Donate to DVB

ပြီး​ခဲ့​တဲ့​ မတ် ၁ ရက်​နေ့​က ပြည်​ထောင်စုလွှတ်​တော်မှာ သမ္မတ ဦး​သိန်း​စိန်ဟာ အစိုး​ရသက်တမ်း​ ၁ နှစ်ပြည့်​ မိန့်​ခွန်း​ ​ပြောပါတယ်။ မိန့်​ခွန်း​ထဲမှာ တိုင်း​ပြည်ရဲ့​ နိုင်ငံ​ရေး​၊​ စီး​ပွား​ရေး​၊​ လူမှု​ရေး​ အ​ရေး​ကြီး​ ကိစ္စ​တွေ ပါဝင်တဲ့​အပြင် တိုင်း​ရင်း​သား​တွေနဲ့​ ဖြစ်ပွား​နေတဲ့​ လက်နက်ကိုင် ပဋိပက္ခ ချုပ်ငြိမ်း​ပြီး​ ထာဝရငြိမ်း​ချမ်း​ရေး​ ရ​အောင် ​ဖော်​ဆောင်မယ်ဆိုတဲ့​ အဆင့်​ (၃) ဆင့်​ပါ လမ်း​ပြ​မြေပုံ အ​ကြောင်း​ကိုလည်း​ ​ပြောဆိုခဲ့​ပါတယ်။

လမ်း​ပြ​မြေပုံရဲ့​ အဓိပ္ပာယ်ဟာဘာလဲ၊​ ဒီအတိုင်း​ အ​ကောင်အထည်​ဖော်ရင် ဦး​သိန်း​စိန်နဲ့​ အစိုး​ရငြိမ်း​ချမ်း​ရေး​ ​ဖော်​ဆောင်​ရေး​ အဖွဲ့​ဝင်​တွေ ​ပြော​ပြော​နေတဲ့​ ထာဝရ ငြိမ်း​ချမ်း​ရေး​ဆိုတာ ရပါ့​မလား​၊​ စတာ​တွေကို ဒီတပတ် ​ဆွေး​နွေး​ တင်ပြသွား​မှာ ဖြစ်ပါတယ်။

ဦး​သိန်း​စိန်​ပြောတဲ့​ လမ်း​ပြ​မြေပုံ ပထမ အဆင့်​က​တော့​ အပစ်အခတ် ရပ်စဲ​ရေး​ ဖြစ်ပါတယ်။ လက်ရှိ အစိုး​ရ ငြိမ်း​ချမ်း​ရေး​ဖော်​ဆောင်​ရေး​ အဖွဲ့​တွေ အသည်း​အသန် အ​ကောင်အထည်​ဖော်​နေတဲ့​ အဆင့်​မှာ ​ကေအိုင်အို အပါ အဝင် အဖွဲ့​တချို့​လောက်ကလွဲရင် တိုင်း​ရင်း​သား​လက်နက်ကိုင် အဖွဲ့​ အစည်း​ အများ​စုနဲ့​တော့​ အပစ်အခတ်ရပ် လက်မှတ်​တွေ ​ရေး​ထိုး​ထား​ နိုင်ပါပြီ။

ဒီအဆင့်​ ​ကျော်လွန်နိုင်​ရေး​မှာလည်း​ ပြဿနာ​တွေ၊​ အခက်အခဲ​တွေ ရှိ​နေတယ်ဆိုတာ သမ္မတရဲ့​ မိန့်​ခွန်း​မှာ ဝန်ခံထား​ခဲ့​ပြီး​ပါပြီ။ သူ့​မိန့်​ခွန်း​ထဲမှာ ​ကေအိုင်​အေနဲ့​ ဖြစ်ပွား​နေတဲ့​ တိုက်ပွဲ​တွေနဲ့​ ပတ်သက်လို့​ တပ်မ​တော်အ​နေနဲ့​ ကိုယ့်​ကိုယ်ကိုယ် ခုခံကာကွယ်ရုံကလွဲပြီး​ ထိုး​စစ်​တွေ မလုပ်ဖို့​ ညွှန်ကြား​ ထား​ပြီး​သား​ ဖြစ်​ကြောင်း​၊​ ကာကွယ်​ရေး​ဦး​စီး​ချုပ်ကလည်း​ ထပ်ဆင့်​ ညွှန်ကြား​ ထား​ပြီး​ ဖြစ်​ကြောင်း​ ဆို​ပေမယ့်​ တိုက်ပွဲ​တွေ မရပ်စဲနိုင်​သေး​ဘူး​ ဆိုပြီး​ ဝန်ခံသွား​တာပါ။

ဒါနဲ့​ ပတ်သက်ရင် ​ကေအိုင်​အေဘက်က ​ပြောတာ ရိုး​ရှင်း​ပါတယ်။ အပစ် အခတ် ရပ်ချင်ရင် နဂို တိုက်ပွဲမဖြစ်ခင် အ​ခြေအ​နေတုန်း​ကအတိုင်း​ တပ်​တွေ ပြန်​ရွှေ့​ပါ။ ထိုး​စစ်အတွက် ကချင်ပြည်နယ်ကို တက်လာတဲ့​ တပ်​တွေကို ပြန်ရုပ်သိမ်း​သွား​ပါလို့​ ​ပြောခဲ့​ပါတယ်။ တပ်​တွေ ပြန် မရုပ် သိမ်း​ရင်​တော့​ တိုက်ပွဲ​တွေ ဆက်ဖြစ်​နေမှာပဲ ဆိုတာ ​ပြောဆိုခဲ့​ပြီး​ ဖြစ် ​ကြောင်း​ သိရပါတယ်။

အလား​တူ ပြဿနာမျိုး​ ကရင်ပြည်နယ်မှာလည်း​ ရင်ဆိုင်ရဖို့​ ရှိ​နေပါ တယ်။ အစိုး​ရနဲ့​ ​ကေအန်ယူ အပစ်အခတ်ရပ် လက်မှတ်​ရေး​ထိုး​ထား​ပေမယ့်​ တပ်​တွေ ဘယ်လို ​နေရာချထား​မယ် ဆိုတာနဲ့​ ပတ်သက်လို့​ ဘာမှ ​ဆွေး​နွေး​ ညှိနှိုင်း​တာ မလုပ်ရ​သေး​ပါဘူး​။ ဒါ​ကြောင့်​ အပစ်အခတ် ရပ်စဲ​ရေး​ သ​ဘော တူညီချက် ပြန်လည် ပျက်ပြား​သွား​နိုင်တယ်လို့​ ​ကေအန်ယူ ဘက်က လည်း​ ​ပြော ထား​ပြီး​သား​ ဖြစ်ပါတယ်။

လမ်း​ပြ​မြေပုံရဲ့​ ဒုတိယအဆင့်​မှာ​တော့​ အချက်အလက် အများ​ကြီး​ ပါပါတယ်။ စီး​ပွား​ရေး​အရ ဆိုရင် “စီး​ပွား​ရေး​နဲ့​ ဖွံ့​ဖြိုး​တိုး​တက်​ရေး​ လုပ်ငန်း​တွေမှာ ပါဝင်ကြဖို့​” ဆိုတာပါတယ်။ တကယ်​တော့​ ဒါဟာ အဆန်း​ တကြယ်​တော့​ မဟုတ်ပါဘူး​။ အရင် အနှစ် (၂၀) နီး​ပါး​ အပစ်အခတ် ရပ်စဲထား​ စဉ်က ​ပေး​ခဲ့​တဲ့​ အခွင့်​အ​ရေး​မျိုး​ ဖြစ်ပါတယ်။

နိုင်ငံ​ရေး​နဲ့​ ပတ်သက်လို့​က​တော့​ “နိုင်ငံ​ရေး​ပါတီများ​ ထူ​ထောင်ပြီး​ နိုင်ငံ​ရေး​ လုပ်ငန်း​စဉ်​တွေမှာ ပါဝင်​ဆောင်ရွက်ဖို့​” ဆိုတာ ပါတယ်။ ဖြစ်စဉ် က ​တော့​ ထူး​ခြား​ပါတယ်။

အရင် အပစ်အခတ်ရပ်ထား​စဉ်တုန်း​က တိုင်း​ရင်း​သား​ လက်နက်ကိုင် တပ်ဖွဲ့​တွေရဲ့​ ပါတီ အဖွဲ့​အစည်း​တွေကို ဘာနိုင်ငံ​ရေး​ လှုပ်ရှား​မှုမှ လှုပ်ရှား​ခွင့်​ မ​ပေး​ပါဘူး​။ မြို့​ပေါ်က နိုင်ငံ​ရေး​ပါတီ​တွေနဲ့​လည်း​ ဆက်သွယ်ခွင့်​မ​ပေး​ပါဘူး​။ ဒီတ​ခေါက်မှာ​တော့​ အပစ်အခတ် ရပ်ပြီး​နောက် နိုင်ငံ​ရေး​လှုပ်ရှား​မှု​တွေကို အစိုး​ရက လွတ်လွတ်လပ်လပ် လှုပ်ရှား​ခွင့်​ပေး​မှာလား​ ဆိုတာ ​မေး​စရာ အ​ရေး​ ကြီး​ ​မေး​ခွန်း​ကြီး​ ဖြစ်ပါတယ်။ အ​ကြောင်း​က​တော့​ မြို့​ပေါ်က အန်အယ်လ်ဒီ အပါအဝင် အတိုက်အခံ နိုင်ငံ​ရေး​ပါတီ​တွေရဲ့​ နိုင်ငံ​ရေး​လှုပ်ရှား​မှု​တွေကို ​တောင် ပုံစံ အမျိုး​မျိုး​နဲ့​ ဖိနှိပ်ချုပ်ချယ်​နေလို့​ ဖြစ်ပါတယ်။

ဒုတိယအဆင့်​ထဲက ​နောက်တခုက​တော့​ တိုင်း​ရင်း​သား​လက်နက်ကိုင် တပ်ဖွဲ့​က ​ထောင်ထား​တဲ့​ ပါတီ​တွေထဲက ကိုယ်စား​လှယ်​တွေ လွှတ်​တော် အမတ်အဖြစ် အ​ရွေး​ခံ၊​ အ​ရွေး​ခံရပြီး​ လွှတ်​တော်ထဲ​ရောက်လာရင် အခြား​ တိုင်း​ရင်း​သား​တွေနဲ့​ တိုင်ပင်ပြီး​ “ဖွဲ့​စည်း​ပုံဥပ​ဒေ ပြင်ဖို့​” ဆိုတာပဲ ဖြစ်ပါတယ်။ ဒီလိုသာဆိုရင် တိုင်း​ရင်း​သား​ လက်နက်ကိုင် တပ်ဖွဲ့​တွေဟာ ပါတီ​ထောင်ပြီး​ ​နောက်ထပ် ​ရွေး​ကောက်ပွဲလုပ်မယ့်​ ၂၀၁၅ ကို ​စောင့်​ရမလို ဖြစ်​နေပါတယ်။

ဒါဆိုရင် လက်ရှိ ဦး​အောင်​သောင်း​ အပါအဝင် အစိုး​ရ ငြိမ်း​ချမ်း​ရေး​ ကိုယ်စား​လှယ်​တွေ ​ပြော​နေတဲ့​ ၃ နှစ်အတွင်း​ ထာဝရ ငြိမ်း​ချမ်း​ရေး​ရ​အောင် လုပ်မယ် ဆိုတာ​တွေ၊​ သူတို့​ အစိုး​ရ သက်တမ်း​အတွင်း​ ထာဝရ ငြိမ်း​ချမ်း​ရေး​ ရ​အောင် လုပ်မယ် ဆိုတာ​တွေဟာ မမှန်မကန် ​ပြောဆိုမှု​တွေသာ ဖြစ်သွား​ပါ​တော့​မယ်။

တကယ်​တော့​ သမ္မတ ဦး​သိန်း​စိန်​ပြောတဲ့​ စကား​တွေဟာ လက်နက်ကိုင် တိုင်း​ရင်း​သား​တပ်ဖွဲ့​တွေကို “အမျိုး​သား​ညီလာခံ” တက်ခိုင်း​စဉ်တုန်း​က ​ပြောခဲ့​တာ​တွေနဲ့​ အတူတူပဲ ဖြစ်ပါတယ်။ အပစ်အခတ် ရပ်စဲထား​ပါ။ စီး​ပွား​ရေး​ ​တွေ လုပ်ကြပါ၊​ ပြီး​ရင် အမျိုး​သား​ညီလာခံ တက်ပြီး​ ကိုယ်လိုချင်တာ ​ပြော ကြပါ။ အမျိုး​သား​ညီလာခံ ဆိုတာ တကယ့်​ ငြိမ်း​ချမ်း​ရေး​ ​ဆွေး​နွေး​ ဝိုင်း​ကြီး​ပဲ ဆိုပြီး​ ​ပြောခဲ့​ဖူး​ပါတယ်။ ​နောက်​တော့​ တိုင်း​ရင်း​သား​တွေ ​တောင်း​ဆို တာ ဘာတခုမှမရလို့​ ခုလို ပဋိပက္ခ​တွေ ပြန်​ပေါ်လာရတာပဲ ဖြစ်ပါတယ်။

ဒါကို ခု လွှတ်​တော်ထဲ ​ရောက်​အောင် ကြိုး​စား​ကြပါ။ လွှတ်​တော်ထဲ ​ရောက်ရင် အများ​ သ​ဘောဆန္ဒနဲ့​ အညီ ဖွဲ့​စည်း​ပုံကို ပြင်ကြပါလို့​ ​ပြော​နေတာ ဖြစ်ပါတယ်။ ဒီ အချက်ကိုကြည့်​လိုက်ရင် လက်ရှိ အစိုး​ရဟာ လွှတ်​တော်ပြင်ပမှာ တိုင်း​ရင်း​သား​ အဖွဲ့​တွေနဲ့​ နိုင်ငံ​ရေး​အရ ​တွေ့​ဆုံ​ဆွေး​နွေး​ ညှိနှိုင်း​ အ​ဖြေရှာ မယ့်​ပုံ မရှိပါဘူး​။

တနည်း​ပြောရရင် သူတို့​ဘာသာသူတို့​ တဖက်သတ် ​ရေး​ဆွဲထား​တဲ့​ ဖွဲ့​စည်း​ပုံ အ​ခြေခံဥပ​ဒေကို ဆက်လက်ဆုပ်ကိုင်ထား​ဆဲ ဖြစ်သလို ​ရွေး​ ​ကောက်ပွဲ ကျင်း​ပတယ် ဆိုပြီး​ မတရား​ ရယူထား​တဲ့​ အစိုး​ရ အာဏာ ကို လည်း​ ဆက် လက် ဖက်တွယ်ထား​မယ် ဆိုတာ ရှင်း​နေပါတယ်။

ဒုတိယ အဆင့်​ဆိုတာ မဖြစ်နိုင်၊​ မ​ရောက်နိုင်ဘူး​ ဆိုရင် တတိယ အဆင့်​ ထာဝရ ငြိမ်း​ချမ်း​ရေး​အတွက် လွှတ်​တော်ထဲမှာ ​ပျော်​ပျော်ရွှင်ရွှင် လက်မှတ် ​ရေး​ထိုး​မယ် ဆိုတာဟာလည်း​ စိတ်ကူး​ယဉ် အိပ်မက်တခု ဖြစ်​နေဦး​မှာ ​သေချာ ပါတယ်။

သမ္မတရဲ့​ လမ်း​ပြ​မြေပုံကို ခြုံငုံပြီး​ပြောရရင် သူတို့​ စိတ်ကြိုက် ​ရေး​ဆွဲ ထား​တဲ့​ ဖွဲ့​စည်း​ပုံအ​ခြေခံဥပ​ဒေ၊​ မတရား​သိမ်း​ပိုက်ထား​တဲ့​ အစိုး​ရ အာဏာ၊​ မသမာတဲ့​နည်း​နဲ့​ ရယူထား​တဲ့​ လွှတ်​တော်၊​ တခုတည်းသော စစ်တပ် စတဲ့​ ​ဘောင်တွေ ထဲက​နေမှ တည်​ဆောက်မယ့်​ ထာဝရငြိမ်း​ချမ်း​ရေး​ ဖြစ်ပါ တယ်။

သူတို့​အစိုး​ရသက်တမ်း​ ၅ နှစ်တာကာလအတွင်း​ ထာဝရ ငြိမ်း​ချမ်း​ရေး​ ​အောင်မြင်​အောင် တည်ဆောက်နိုင်မှာ မဟုတ်သလို ​နောင်ဘယ်ကာလမှာများ​ ထာဝရငြိမ်း​ချမ်း​ရေး​ ​ပေါ်​ပေါက်လာ​လေမလဲ ဆိုတာကိုလည်း​ မှန်း​ဆလို့​ မရနိုင် သေး​ပါ​ကြောင်း​ တင်ပြလိုက်ရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013