A(H1N1) ရောဂါကြောင့် သေဆုံးသူ ၁၄ ဦး ရှိပြီ
DVB
·
August 4, 2017
A(H1N1) ရောဂါကြောင့် တနိုင်ငံလုံးအတိုင်းအတာအရ သေဆုံးသူ ၁၄ ယောက်ရှိသွားပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သြဂုတ် ၃ ရက်နေ့က ထုတ်ပြန်ပါတယ်။
တနိုင်ငံလုံး အတိုင်းအတာအရ သြဂုတ် ၃ ရက်နေ့မွန်းလွဲပိုင်းအထိ လတ်တလော ပြင်းထန်အသက်ရှူလမ်းကြောင်း ပိုးဝင်ရောဂါနဲ့ ဆေးရုံ တက်ရောက်ကုသသူ ၃၀၅ ယောက် ရှိပြီး အဲဒီထဲကနေ ရာသီတုပ်ကွေး A (H1N1) ပိုးတွေ့ လူနာစုစုပေါင်း ၁၁၀ ရှိတာကြောင့် သေဆုံးမှုနှုန်းဟာ (၄ ဒသမ ၆) ရာခိုင်နှုန်းဖြစ်တယ်လို့ ဆိုပါတယ်။
မြောက်ဥက္ကလာ အထူးကုဆေးရုံကြီး (ဝေဘာဂီ) မှာ A (H1N1) ပိုးတွေ့ အတွင်းလူနာ ၂၆ ယောက်နဲ့ တခြားတိုင်းဒေသကြီး/ ပြည်နယ်ဆေးရုံကြီးတွေမှာ A (H1N1) ပိုးတွေ့ အတွင်းလူနာ ၃၇ ယောက်၊ စုစုပေါင်း ၆၃ ယေက် ဆက်လက် ဆေးဝါးကုသမှုခံယူနေတယ်လို့ ဆိုပါတယ်။
A (H1N1) ပိုးတွေ့ အတွင်းလူနာတွေထဲကနေ ရောဂါပျောက်ကင်းလို့ ဆေးရုံဆင်းလူနာ ၂၈ ယောက် ရှိကြောင်းလည်း သတင်းထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ရာဂါဖြစ်ပွားမှုနှုန်း အများဆုံး ဖြစ်တဲ့ ရန်ကုန်တိုင်းဒေသကြီးရှိ အင်းစိန်၊ လှိုင်သာယာ၊ ဒဂုံမြို့သစ် (တောင်ပိုင်း)၊ ဧရာဝတီတိုင်းဒေသကြီးရှိ ပုသိမ်၊ ညောင်တုန်း၊ ပဲခူးတိုင်းဒေသကြီးရှိ ပဲခူးမြို့နယ်တို့မှာ တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းတွေကို ဦးစားပေး ဆောင်ရွက်နေတယ်လို့ ဆိုထားပါတယ်။
ရာသီတုပ်ကွေးဆန်သောလက္ခဏာတွေ၊ ပြင်းထန်ရာသီတုပ်ကွေးရောဂါလက္ခဏာတွေ ဖြစ်ပွားတယ်လို့ ထင်မှတ်ပါက နီးစပ်ရာကျန်းမာရေးဌာနတွေကို ချက်ချင်းသတင်းပေးပို့ ဆေးကုသမှု ခံယူကြဖို့လည်း တိုက်တွန်းထားပါတယ်။