Home
မြန်မာသတင်း
ဆက်သွယ်ရေးဥပဒေ ပြင်ဆင်သည့် ဥပဒေမူကြမ်းနှင့် ပတ်သက်ပြီး ဆွေးနွေး
အာကာ
·
August 3, 2017
ဆက်သွယ်ရေးဥပဒေ ပြင်ဆင်တဲ့ ဥပဒေမူကြမ်းနဲ့ ပတ်သက်ပြီး အရပ်ဘက် ၂၂ ဖွဲ့ ပူးပေါင်းထားတဲ့ ဆက်သွယ်ရေးဥပဒေပြင်ဆင်ရေး ပူးပေါင်းအဖွဲ့က ကိုယ်စားလှယ်တွေနဲ့ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ အဖွဲ့ဝင်တွေ သြဂုတ်လ ၃ ရက်က တွေ့ဆုံဆွေးနွေးခဲ့ ပါတယ်။ နေပြည်တော်က ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီရုံးမှာ တွေ့ဆုံခဲ့တာပါ။ ဆက်သွယ်ရေးဥပဒေ ပြင်ဆင်တဲ့ ဥပဒေမူကြမ်းနဲ့ပတ်သက်ပြီး ဝေဖန်အကြံပြုချက်တွေပေးတာ၊ အများပြည်သူ အသံပါဝင်တဲ့ ဥပဒေပြုရေး လုပ်ငန်းစဉ်ပေါ်ပေါက်ဖို့ ဥပဒေပြုတာ၊ လက်တွေ့အသုံးပြုတာနဲ့ တရားစီရင်တာတို့ အပြန်အလှန် ချိတ်ဆက်ထိန်းကျောင်းရမယ့် အချက်တွေကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ ဆက်သွယ်ရေးဥပဒေပြင်ဆင်ရေး ပူးပေါင်းအဖွဲ့မှာ ပါဝင်တဲ့ Free Expression Myanamr ရဲ့အကြံပေး ဒေါ်ဇာခြည်ဦးက “ကျမတို့ အဓိကတောင်းဆိုခဲ့တာက ၆၆ ဃမှာ အဓိက ပြဿနာ တက်နေတဲ့ အသရေ ဖျက်မှုပါ။ ဒီပုဒ်မမှာ သီးသန့် ရှင်းချင်တဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက် မရှိဘူး။ ရာဇသတ်ကြီးမှာ အဓိပ္ပာယ် ဖွင့်ဆိုချက်တွေ ရှိတယ်။ ကင်းလွတ်ချက်တွေ ရှိတယ်။ ၆၆ နဲ့ ပတ်သက်ပြီး ဒီနေ့ အထိ အမှု ၈၁ မှုရှိတယ်။ ဒီအမှုတွေမှာ အသရေ ဖျက်မှုကို တိကျရှင်းလင်းတဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်နဲ့ ရှင်းမထားဘူးဆိုတာတွေ့ရတယ်။ အသရေ ဖျက်မှုမြောက်မမြောက်ကို ဥပဒေကြောင်းအရ စဉ်းစားဆင်ခြင်ခဲ့ခြင်း မရှိတာကို တွေ့ရတယ်။ အဲဒါတွေအပေါ်မှာ ထည့်သွင်းစဉ်းစားပေးပါလို့ ကျမတို့ ပြောခဲ့တယ်။ အသရေ ဖျက်မှုက ရာဇဝတ်မှုဖြစ်နေတဲ့အပေါ် နိုင်ငံတကာ စံနှုန်း ဒီမိုကရေစီနဲ့မညီ ဘူးဆိုတာကိုလည်း စဉ်းစားပေးပါလို့ တင်ပြခဲ့တယ်” လို့ ပြောပါတယ်။ ကြဂုတ်လ ၃ ရက်နေ့ က အမျိုးသားလွှတ်တော်မှာ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ ဃ ဖျက်သိမ်းရေးအဆို ရှုံးနိမ့်သွားတဲ့အတွက် ပြည်သူ့လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ကိုပဲ စောင့်ကြည့်ရတော့မယ်လို့ ဆိုပါတယ်။ “ဆက်သွယ်ရေးဥပဒေနဲ့ ပတ်သက်လို့ ပြင်ဆင်ဖို့ ကျမတို့ တင်ပြခဲ့တာ အချက် ၃ ချက်လောက် ရှိတယ်။ တကယ် လွှတ်တော်မှာ ဆွေးနွေးတော့ ပုဒ်မ ၆၆ နဲ့ ၈၀ ကိုပဲ ထိလိုက်တယ်။ အဲဒီတော့ နောက်ပိုင်းမှာ ဥပဒေတခုလုံး အစအဆုံး ပြန်သုံးသပ်ရမယ့် အခြေနေ ဖြစ်သွားတယ်” လို့ Free Expression Myanamr ရဲ့ အကြံပေး ဒေါ်ဇာခြည်ဦးက ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024