Home
မြန်မာသတင်း
A(H1N1) ရောဂါကြောင့် သေဆုံးသူ ၁၃ ဦး ရှိပြီ
DVB
·
August 3, 2017
A(H1N1) ရောဂါကြောင့် သြဂုတ် ၂ ရက်နေ့က အမျိုးသမီးတဦး ထပ်မံသေဆုံးခဲ့ပြီး တနိုင်ငံလုံးအတိုင်းအတာအရ သေဆုံးသူ ၁၃ ဦးရှိသွားပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ တနိုင်ငံလုံး အတိုင်းအတာအရ သြဂုတ် ၂ ရက်နေ့မွန်းလွဲပိုင်းအထိ လတ်တလောပြင်းထန်အသက်ရှူလမ်းကြောင်း ပိုးဝင်ရောဂါနဲ့ ဆေးရုံ တက်ရောက်ကုသသူ ၂၈၄ ဦး၊ ရာသီတုပ်ကွေး A (H1N1) လူနာစုစုပေါင်း ၉၉ ဦးနဲ့ သေဆုံးသူ (၁၃) ဦးရှိပြီဖြစ်တာကြောင့် သေဆုံးမှုနှုန်းမှာ (၄ ဒသမ ၅) ရာခိုင်နှုန်းဖြစ်တယ်လို့ ဆိုပါတယ်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနထုတ်ပြန်ချက်အရသိရသည်။ ရောဂါကာကွယ်ထိန်းချုပ်ရေး ဆောင်ရွက်နေပြီး သြဂုတ် ၁ ရက် မွန်းလွဲ ၂ နာရီမှ ယနေ့ မွန်းလွဲ ၂ နာရီအထိ သံသယလူနာ ၃၉ ဦးအား ထပ်မံဓာတ်ခွဲစမ်းသပ်စစ်ဆေးခဲ့ရာ A(H1N1) အတည်ပြုလူနာ ၂၃ ဦး တွေ့ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။ အထူးကုဆေးရုံကြီး (ဝေဘာဂီ) မှာ လူနာ ၁၉ ဦး၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ၄ ဦး စုစုပေါင်းလူနာ ၂၃ ဦး တက်ရောက်ဆေးကုသမှု ခံယူနေပြီး လူနာတွေနဲ့ တိုက်ရိုက် ထိတွေ့ရတဲံ ကျန်းမာရေးဝန်ထမ်းတွေမှာတော့ ရောဂါ ကူးစက်ခံရတာမရှိကြောင်းလည်း ထုတ်ပြန်ချက်က ဆိုပါတယ်။ ဒါ့အပြင် ရောဂါပိုးတွေ့ရှိလူနာတွေကို ဝေဘာဂီဆေးရုံကြီးမှာ အထူးကြပ်မတ်ပြုစုကု သပေးနိုင်ရေး၊ လိုအပ်တဲ့ အထူးကု ဆရာဝန်၊ သူနာပြု၊ ဆေးနဲ့ဆေးပစ္စည်းတွေ ဖြည့်တင်းပေးနိုင်ရေး၊ ကျန်းမာရေးဝန်ထမ်းတွေ ကာကွယ်ဆေးထိုးနှံရေး၊ နေ့စဉ်သတင်းထုတ်ပြန်ချက်တွေနဲ့ ဆေးရုံတက်လူနာတွေရဲ့ ရောဂါနဲ့ပတ်သက် တဲ့ အချက်အလက်များ တိကျသေချာမှုရှိရေး၊ ရောဂါဖြစ်ပွားမှုတွေနဲ့ ပတ်သက်ပြီး ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းတွေ ဆောင်ရွက်မယ့် အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့ (RRT) ဖွဲ့စည်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ ရာသီတုပ်ကွေးဆန်သောလက္ခဏာတွေ၊ ပြင်းထန်ရာသီတုပ်ကွေးရောဂါလက္ခဏာတွေ ဖြစ်ပွားတယ်လို့ ထင်မှတ်ပါက နီးစပ်ရာကျန်းမာရေးဌာနတွေကို ချက်ချင်းသတင်းပေးပို့ ဆေးကုသမှု ခံယူကြဖို့လည်း တိုက်တွန်းထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024