Sunday, May 28, 2023
HomeLead Storyကြာအင်းဆိပ်ကြီးတွင် ရေစီးထဲမျောပါသွားသည့် အလောင်းကို ပြန်လည်တွေ့ရှိ

ကြာအင်းဆိပ်ကြီးတွင် ရေစီးထဲမျောပါသွားသည့် အလောင်းကို ပြန်လည်တွေ့ရှိ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ချောင်းဝကျေးရွာအနီးရှိ မြေနီကုန်းရေကျော်မှာ ဇူလိုင် ၂၈ ရက်နေ့က ရေစီးထဲမျောပါသွားတဲ့ အလောင်းအား ပြန်လည်တွေ့ရှိပြီလို့ ကြာအင်းဆိပ်ကြီးမြို့နယ် လူမှုကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။

သေဆုံးသူမှာ လားရှိုးမြို့မှာ နေထိုင်တဲ့ အသက် ၃၄ နှစ်အရွယ် ကိုအောင်နိုင်ဆိုသူ ရွှေ့ပြောင်း အလုပ်သမားတဦးဖြစ်ကြောင်း သိရပါတယ်။

ကြာအင်းဆိပ်ကြီးမြို့နယ် လူမှုကယ်ဆယ်ရေးအဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ ကိုနိုင်လင်းအောင်က “ရေစီးသန်နေတော့ သူပြန်လာတဲ့အချိန်မှာ လမ်းဘေးရောက်သွားတယ်။ ဆိုင်ကယ်ပါ ကျသွားတော့ ဆိုင်ကယ်ကို လိုက်ဆွဲရင်းနဲ့ ဆိုင်ကယ်က ကျန်ခဲ့ပေမယ့် လူက မျောသွားတယ်။ တွေ့တဲ့လူကလည်း ဗိုက်ကြီးသည်ဆိုတော့ မကယ်နိုင်ခဲ့ဘူး။ ကျနော်တို့ ရှာဖွေတွေ့ရှိပြီး မိသားစုဝင်တွေကို ပြန်အပ်လိုက်ပါပြီ။ မီးသဂြှင်္ိုဟ်လိုက်တယ်” လို့ ပြောကြားပါတယ်။

လက်ရှိမှာ ကြာအင်းဆိပ်ကြီး၊ အမှတ် (၃) ရပ်ကွက် ရှမ်းပိုင်းနဲ့ ကျိုက်ဒုံမြို့မှာ သြဂုတ် ၁ ရက်နေ့က ရေပြန်လည်ကျဆင်းခဲ့ပေမယ့် အမှတ် ၆ ရပ်ကွက်မှာတော့ ရေကျန်ရှိနေသေးတယ်လို့ ဆိုပါတယ်။

“ကြာအင်းဆိပ်ကြီးကနေ မော်လမြိုင်ကို သွားမယ့် အထွက်လမ်းမှာ ရေတွေကျော်နေတယ်။ ထန်းပင်ကွေ့မှာလည်း ရေတွေကျော်နေတယ်။ ကားနိမ့်နိမ့်တွေ သွားလို့မရပါဘူး။ ကြာအင်းဆိပ်ကြီး ချောင်းနှစ်ခွလမ်းကားတွေ တော်တော်သွားရခက်ပါတယ်။ ဆိုင်ကယ်တွေဆိုရင် လှေနဲ့ကူးနေပါတယ်။ ကြာအင်းဆိပ်ကြီး – ဘုရားသုံးဆူမှာလည်း သုံးလေးဆင့် သွားနေရတယ်။ ကျနော်ထင်တယ် အရင်နှစ်ကထက် သုံးဆလောက် ပိုဆိုးလာတယ်။”

ဇူလိုင် ၂၆ ရက်နေ့ကလည်း ရေကြီးမှုကြောင့် ကြားအင်းဆိပ်ကြီး-ဘုရားသုံးဆူလမ်းပေါ်က တံတား နှစ်စင်း ရေထဲမျောပါသွားပြီး လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ခဲ့ပါတယ်။

ဇူလိုင် ၃၁ ရက်နေ့အထိ နောက်ဆုံးသတင်းအရ ကြာအင်းဆိပ်ကြီးမှာ အိမ်ခြေ ၂၀၀ ကျော်ရေ၀င်နေပြီး ရေဘေးသင့်ပြည်သူ ၉၀၀ ကျော်အထိ ရှိလာပြီး စာသင်ကျောင်း ၂၀ ကျော်ကိုလည်း ယာယီပိတ်ထားရပါတယ်။

သတင်း-အာကာမင်း

RELATED ARTICLES
- Advertisment -
Google search engine

Most Popular