Saturday, June 10, 2023
HomeLead Storyလွှတ်တော်နှစ်ရပ်စလုံးရဲ့ ဆန့်ကျင်ခံလိုက်ရတဲ့ ဒေါ်နယ်လ်ထရမ့်

လွှတ်တော်နှစ်ရပ်စလုံးရဲ့ ဆန့်ကျင်ခံလိုက်ရတဲ့ ဒေါ်နယ်လ်ထရမ့်

လောလောလတ်လတ် အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ကို ဆန့်ကျင်ပြီး ရုရှားနိုင်ငံအပေါ် ဘဏ္ဍာရေးအရ အရေးယူပိတ်ဆို့မှု အသစ်တခုကို ချမှတ်ဖို့ အမေရိကန်အောက်လွှတ်တော်နဲ့ အထက်လွှတ်တော်တို့က မဲခွဲဆုံးဖြတ်ခဲ့ကြပါတယ်။ ဒါတင်မကသေးဘဲ ရုရှားနိုင်ငံအပေါ် အရေးယူပိတ်ဆို့ထားမှုတွေကို အောက်လွှတ်တော် (ကွန်ဂရက်) ရဲ့ သဘောတူညီမှုမရှိဘဲ ဖြေလျှာ့မှုမလုပ်ဖို့လည်း သမ္မတကို ပိတ်ပင်ဟန့်တားခဲ့ပါတယ်။

စာဖတ်သူတွေ သိထားပြီးတဲ့အတိုင်း အမေရိကန်လွှတ်တော် ၂ ရပ်စလုံးမှာ အာဏာရသမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ ရီပတ်ဗလစ်ကန်ပါတီနဲ့ အတိုက်အခံ ဒီမိုကရက်အမတ်တွေ ပါရှိနေကြပါတယ်။ ခုတော့ ရီပတ်ဗလစ်ကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အလိုဆန္ဒကို သူ့ရဲ့ပါတီဖြစ်တဲ့ ရီပတ်ဗလစ်ကန် လွှတ်တော်အမတ်တွေကရော အတိုက်အခံပါတီဖြစ်တဲ့ ဒီမိုကရက်တစ်ပါတီက လွှတ်တော်အမတ်တွေကပါ ဆန့်ကျင်ပြီး ရုရှားနိုင်ငံအပေါ် ဘဏ္ဍာရေးအရ (ပိုပြီးပြင်းထန်တဲ့) အရေးယူပိတ်ဆို့မှု အသစ်တခုကို ချမှတ်ဖို့ သဘောတူ မဲပေးဆုံးဖြတ်ခဲ့တာ တွေ့ရပါတယ်။ ဒါဟာ ဒီမိုကရေစီစနစ်ရဲ့ အခြေခံမူကို ကျင့်သုံးလိုက်တာဖြစ်တယ်လို့ ပြောရမှာပါ။ ကိုယ့်ရဲ့ပါတီပဲဖြစ်ဖြစ် လုပ်ရပ်က မှားယွင်းနေပြီဆိုရင် လက်မခံဘူး၊ အမှန်တရားဘက်ကပဲ ရပ်တည်မယ်ဆိုတဲ့ သဘောလို့ ယေဘုယျ ကောက်ချက်ချရမှာပါပဲ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ရီပတ်ဗလစ်ကန် အထက်လွှတ်တော်အမတ်နဲ့ နိုင်ငံခြားဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဘော့ခေါ့ခါက ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ကြေညာချက်တခုမှာ သူနဲ့ အောက်လွှတ်တော် လူများစုခေါင်းဆောင် ခက်ဗင်းမက်ခါသေတို့နှစ်ယောက် အရေးယူပိတ်ဆို့မှုသစ်မှာ ရင်ဆိုင်နေရတဲ့ နောက်ဆုံးဟန့်တားနှောင့်ယှက်မှုကို ဖယ်ရှားပစ်ဖို့ သဘောတူမှု ရခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ အဲဒီလို လုပ်ဆောင်လိုက်ရင်တော့ အမေရိကန်နိုင်ငံရဲ့ ရန်သူနိုင်ငံ ၃ နိုင်ငံအပေါ် ပိုပြီးပြစ်ဒဏ်တွေ ချမှတ်နိုင်မှာပဲ ဖြစ်ပါတယ်။

ဘော့ခေါ့ခါက “အဲဒါက ကျနော်တို့ကို အရေးယူပိတ်ဆို့မှု၊ ဥပဒေပြုမှုကို သမ္မတစားပွဲ (table) ကို ရောက်အောင်ပို့ပေးနိုင်မှာ ဖြစ်တဲ့အတွက် ဒီလို ထုတ်ပြန်ကြေညာနိုင်ခဲ့တဲ့အတွက် ဝမ်းသာမိပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် အထက်လွှတ်တော်အမတ် ခေါ့ခါက ဒီအရေးယူပိတ်ဆို့မှုတွေထဲမှာ မြောက်ကိုရီးယားကို ထည့်သွင်းလိုက်မှာကိုတော့ ကန့်ကွက်ခဲ့ပါတယ်။ သူက အထက်လွှတ်တော်က စဉ်းစားရမယ့် ဥပဒေကြမ်းထဲကနေ မြောက်ကိုရီးယားအပေါ် ချမှတ်တဲ့ ပြစ်ဒဏ်ကို သီးခြားဖယ်ထုတ်ဖို့ အထက်လွှတ်တော်က စဉ်းစားစေချင်တာ ဖြစ်ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ခေါ့ခါက သူ့ရဲ့ကန့်ကွက်မှုကို ပြန်ပြီး ရုပ်သိမ်းခဲ့ပါတယ်။

တကယ်တော့ အခု ရုရှားနိုင်ငံအပေါ် ပြစ်ဒဏ်ချမှတ် အရေးယူပိတ်ဆို့မှုတွေဟာ ၂၀၁၆ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ သူ့ရဲ့ ဝင်ရောက်နှောင့်ယှက်မှု၊ ဖျက်လိုဖျက်ဆီး ပြုမူဆောင်ရွက်မှုတွေနဲ့ ယူကရိန်းနဲ့ ဆီးရီးယားနိုင်ငံတွေ ကိစ္စမှာ ဝင်ရောက်စွက်ဖက်မှုတွေကြောင့်လို့ ယူဆရပါတယ်။

ဥပဒေကြမ်းအသစ်အရတော့ ဒေါ်နယ်လ်ထရမ့်က ရုရှားနဲ့ ပိုပြီးကောင်းမွန်တဲ့ ဆက်ဆံရေးရရှိဖို့ လုပ်ဆောင်နေတဲ့လုပ်ရပ်မှာ ကွန်ဂရက်စ်ကို ပထမဆုံး တင်ပြတာမျိုး မလုပ်ဘဲ အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ဖြေလျော့မှုမလုပ်ဖို့ ပိတ်ပင်တာဆီးခံလိုက်ရတာပဲ ဖြစ်ပါတယ်။

ရီပတ်ဗလစ်ကန် အထက်လွှတ်တော်အမတ် ခေါ့ခါကတော့ အရေးယူပိတ်ဆို့မှု ဥပဒေကြမ်းဟာ သမ္မတစားပွဲကို ပို့ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ဆိုပါတယ်။ အမေရိကန်အောက်လွှတ်တော်နဲ့ အထက်လွှတ်တော် ရီပတ်ဗလစ်ကန် အမတ်တွေဟာ ရုရှား၊ အီရန်နဲ့ မြောက်ကိုရီးယားနိုင်ငံတွေအပေါ် ဘဏ္ဍာရေးဆိုင်ရာ အရေးယူမှုအသစ်တခု ချမှတ်ဖို့ကို အလျှင်အမြန်ပဲ သဘောတူညီမှု ရယူနိုင်ခဲ့ကြပါတယ်။

နိုင်ငံခြားဆက်ဆံရေးကော်မတီက ထိပ်တန်း ဒီမိုကရက်တယောက်ဖြစ်တဲ့ မေရီလင်းပြည်နယ် အထက်လွှတ်တော်အမတ် ဘင်ကာဒင်းကလည်း သူနဲ့ တခြား ဒီမိုကရက်အမတ်တွေက အရေးယူပိတ်ဆို့မှုတခုလုံးရဲ့ အစိတ်အပိုင်းဖြစ်တဲ့ မြောက်ကိုရီးယားနိုင်ငံအပေါ် အရေးယူမှု ချမှတ်ရေးကို ကန့်ကွက်မှုတစုံတရာ မလုပ်ခဲ့ပါဘူးလို့ ပြောကြားခဲ့ပါတယ်။

သူက “ကျနော့်အနေနဲ့ကတော့ ဥပဒေကြမ်းထဲမှာ ပြဿနာဖြစ်စရာ ဘာမှ မတွေ့ခဲ့ရပါဘူး။ အဲဒါကို ကျနော်တို့ အတည်ပြုချမှတ်နိုင်မယ်လို့ မျှော်လင့်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

အမေရိကန် ကွန်ဂရက်လွှတ်တော်က အဲဒီသုံးနိုင်ငံ အရေးယူပိတ်ဆို့မှုဥပဒေ မူကြမ်းကို ပြီးခဲ့တဲ့ အင်္ဂါနေ့က ၄၁၉ မဲ၊ ၃ မဲနဲ့ တခဲနက် ထောက်ခံအတည်ပြုပေးလိုက်တာဖြစ်ပြီး ရုရှားနိုင်ငံကတော့ သူ့နိုင်ငံအပေါ် အမေရိကန်ကွန်ဂရက်လွှတ်တော်က ဘဏ္ဍာရေးဆိုင်ရာ အရေးယူပိတ်ဆို့မှုအသစ်ကို ထောက်ခံအတည်ပြုပေးလိုက်အပြီး ဗုဒ္ဓဟူးနေ့ အစောပိုင်းမှာ သူ့နိုင်ငံက အမေရိကန်နိုင်ငံကို အဲဒီအတွက် တုံ့ပြန်လက်စားချေဖို့ အတော်ကြီး နီးကပ်နေပြီလို့ သတိပေး ပြောဆိုခဲ့ပါတယ်။

ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဒမီထရီဖက်ရှခေါ့ဗ်ကတော့ “ရုရှား-အမေရိကန် ဆက်ဆံရေးအပိုင်းဘက်က ကြည့်မယ်ဆိုရင်တော့ ဒါဟာ အတော်လေး စိတ်မကောင်းစရာ ကိစ္စတခုပါ။ ကျနော်တို့က အကြီးအကျယ်ကို ရင်းနှီးခင်မင်မှုမဲ့သွားတဲ့ လုပ်ရပ်တခုအကြောင်းကို ပြောနေကြတာပါ” လို့ ကြားခဲ့ပါတယ်။

သူကပဲ ဒီမူကြမ်းဥပဒေဖြစ်လာတဲ့ အချိန်မှာ မော်စကိုအနေနဲ့ လက်စားခြေတုံ့ပြန်မှု လုပ်မလား လုပ်မယ်ဆိုရင် ဘယ်လိုလုပ်မလဲဆိုတာကို သမ္မတ ဗလာဒီမာပူတင်က ဆုံးဖြတ်မယ်လို့ ပြောခဲ့ပါတယ်။

ရုရှားဒုတိယ နိုင်ငံခြားရေးဝန်ကြီးကလည်း ဒီလုပ်ရပ်ဟာ နှစ်နိုင်ငံ အပြန်အလှန် ဆက်ဆံရေးကို မြေပုံဆွဲမထားတဲ့ ပင်လယ်ရေပြင်ထဲ ဆွဲချလိုက်သလိုပါပဲ။ လာတော့မယ့် အချိန်မှာ နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ကောင်းမွန်လာဖို့ မျှော်လင့်ချက်တွေကို နိဂုံးချုပ်ပစ်လိုက်တာပဲ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ တကယ်လို့သာ အဲဒီ ရုရှားနိုင်ငံအပေါ် အရေးယူမယ့် ဥပဒေကြမ်းဟာ တကယ့်ဥပဒေတရပ် ဖြစ်လာပြီဆိုရင်တော့ ဂျာမန်ကုမ္ပဏီတွေကိုလည်း ထိခိုက်လာနိုင်တာ ဖြစ်တဲ့အတွက် ဂျာမနီ-အမေရိကန် ဆက်ဆံရေးအတွက်လည်း အခက်အခဲတခု ဖြစ်လာစေတယ်လို့ ဂျာမန်စီးပွားရေးဝန်ကြီး ဘရိဂျစ် ဇစ်ပရီးစ်က ပြောပါတယ်။

ဂျာမနီနိုင်ငံဘက်ကတော့ ဒီ အမေရိကန် အောက်လွှတ်တော်က ရုရှားနိုင်ငံအပေါ် ဘဏ္ဍာရေးဆိုင်ရာ အရေးယူပိတ်ဆို့မှုလုပ်ဖို့ ဥပဒေကြမ်း တင်သွင်းတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဥရောပသမဂ္ဂကို အကြံဉာဏ်တောင်းခံတာမျိုး မရှိခဲ့ဘူးလို့ ဆိုပါတယ်။

ဇစ်ပရီးစ်က “ရုရှားနိုင်ငံကို အရေးယူပိတ်ဆို့တဲ့ကိစ္စမှာ အမေရိကန်နိုင်ငံဟာ ဥရောပသမဂ္ဂနဲ့ လုပ်ရိုးလုပ်စဉ်လမ်းကြောင်းကို စွန့်ခဲ့တာပဲ” လို့ ARD တီဗွီသတင်းဌာနကို ပြောပြခဲ့ပြီး အခုလို ဥရောပသမဂ္ဂနဲ့ ပူးတွဲဆောင်ရွက်မှု မလုပ်တဲ့အတွက် ဂျာမန်ကုမ္ပဏီတွေကို ထိခိုက်နိုင်တဲ့အန္တရာယ် ရှိလာခဲ့တဲ့အကြောင်းကိုလည်း ထည့်ပြောသွားခဲ့ပါတယ်။

ဂျာမန်စီးပွားရေးလုပ်ငန်း ဦးဆောင်သူတွေကလည်း ပြီးခဲ့တဲ့အပတ်က အမေရိကန်ပြည်ထောင်စု ကွန်ဂရက်လွှတ်တော်က အတည်ပြုပေးလိုက်တဲ့ အရေးယူ ပိတ်ဆို့မှုသစ် ဥပဒေမူကြမ်းဟာ ဂျာမနီနိုင်ငံရဲ့ စွမ်းအင်လုံခြုံရေးအတွက် အရေးပါတဲ့ ပိုက်လိုင်းစီမံကိန်းတွေမှာ ဂျာမန်ကုမ္ပဏီတွေ အလုပ်လုပ်တာကို တားဆီးလိုက်သလို ဖြစ်သွားနိုင်တယ်လို့ပြောပြီး အမေရိကန်နိုင်ငံကို ကန့်ကွက် သတိပေးခဲ့ပါတယ်။

အမေရိကန်နိုင်ငံရေး လေ့လာကျွမ်းကျင်သူတွေကတော့ သမ္မတ ဒေါ်နယ်လ်ထရမ့် တာဝန်စတင်ယူပြီး ရက်ပေါင်း ၁၀၀ ကျော်သွားတဲ့အထိ သူ့ရဲ့ ရီပတ်ဗလစ်ကန်ပါတီကြီးနဲ့ အဆင်မပြေလှသေးဘူးလို့ ကောက်ချက်ချ ပြောဆိုခဲ့ကြပါတယ်။ အမေရိကန်နိုင်ငံရဲ့ ကွန်ဂရက်လွှတ်တော်နဲ့ သမ္မတဆက်ဆံရေး သမိုင်းအရ ဆိုရင်လည်း သမ္မတထရမ့်ရဲ့ ရည်ရွယ်ချက်ကြီးမားတဲ့ အစီအစဉ်တွေကို ဥပဒေအဖြစ် ပြဋ္ဌာန်းသတ်မှတ်ပေးနိုင်ဖို့ အခက်အခဲတွေ အများကြီး ရှိနိုင်တယ်ဆိုတာ တွေ့ရပါတယ်။ ပေါင်းစည်းထားရတဲ့ အစိုးရတရပ်ဟာ သမ္မတတွေအတွက်တော့ အမြဲတမ်း ချောချောမွေ့မွေ့ ဆောင်ရွက်သွားနိုင်မှာ မဟုတ်ဘူးဆိုတာလည်း ရှင်းပါတယ်။ ကွဲနေတဲ့ အစိုးရအဖွဲ့တွေရဲ့ သက်တမ်းအတွင်းမှာလည်း ကွန်ဂရက်လွှတ်တော်နဲ့ သမ္မတတို့ဟာ အဓိကကျတဲ့ ဥပဒေပြုမှုတွေမှာ မကြာခဏ အလုပ်အတူ တွဲလုပ်ရလေ့ရှိတယ် ဆိုတာကိုလည်း တွေ့မြင်ခဲ့ရပြီး ဖြစ်ပါတယ်။

ဥပမာအနေနဲ့ ၂၀၀၉ ခုနှစ်တုန်းက ဒီမိုကရက်တွေဟာ ကွန်ဂရက်လွှတ်တော်မှာရော၊ အထက်လွှတ်တော်မှာပါ အခု ရီပတ်ဗလစ်ကန်တွေ လွှတ်တော် ၂ ရပ်မှာ ရရှိထားတဲ့ အမတ်ဦးရေထက်ပိုပြီး ရရှိခဲ့ပါတယ်။ အကျိုးရလဒ်အနေနဲ့ကတော့ သမ္မတ ဘားရက်အိုဘားမားဟာ ခေတ်သစ်သမိုင်းမှာတော့ အအောင်မြင်ဆုံး ဥပဒေပြုရေးဆိုင်ရာ သမ္မတ တယောက် ဖြစ်ခဲ့တာကို တွေ့ရပါတယ်။ ဒါပေမယ့် အဲဒီသမ္မတ ဘားရက်အိုဘားမားရဲ့ ထိပ်တန်းဦးစားပေး ဥပဒေပြုမှု ၃ ခုထဲမှာတောင် ကျန်းမာရေး စောင့်ရှောက်မှုတခုပဲ ဥပဒေဖြစ်လာတာ တွေ့ခဲ့ရပါတယ်။ တခြားဦးစားပေး ၂ ခုဖြစ်တဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုအတွက် လေထုညစ်ညမ်းမှု ထိန်းချုပ်နိုင်ရေး၊ ကုန်သွယ်ရေး မက်လုံးပေးရေးတွေကတော့ ဥပဒေဖြစ်လာရေးမှာ မအောင်မြင်ခဲ့တာ တွေ့ရပါတယ်။ အဲဒါက ပြသလိုက်တာကတော့ သမ္မတရဲ့ ဥပဒေပြုမှု အစီအစဉ်တွေရဲ့ အောင်မြင်မှု၊ ရှုံးနိမ့်မှုတွေဟာ ကွန်ဂရက်လွှတ်တော်မှာရှိတဲ့ စဉ်းစားအဆုံးအဖြတ်ပြုနိုင်တဲ့ အမတ်တွေအပေါ်မှာ အများကြီး မှီတည်နေတယ်ဆိုတာကိုပဲ ဖြစ်ပါတယ်။ ခု ၁၁၅ ကြိမ်မြောက် ကွန်ဂရက်မှာလည်း သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အဆိုပြုချက်တွေကို ဆန့်ကျင်မဲပေးဖို့ အလားအလာရှိတဲ့ စဉ်းစားအဆုံးအဖြတ်ပြုနိုင်တဲ့ ရီပတ်ဗလစ်ကန် အမတ်တွေနဲ့ ရှိနေတဲ့ စင်္ကြန်လမ်းကို ဖြတ်ပြီး သူတို့ကို ထောက်ခံမယ့်အမတ်တွေက အဆုံးအဖြတ်ပြုတာ ဖြစ်ပါတယ်။

ဒီစဉ်းစားအဆုံးအဖြတ်ပြုနိုင်တဲ့ အမတ်တွေအပေါ် အောင်နိုင်ဖို့ကတော့ သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ လွှတ်တော်တရပ်စီမှာ မတူကွဲပြားတဲ့ မဟာဗျူဟာတွေ ကျင့်သုံးရမှာ ဖြစ်ပါတယ်။ သူ့ရဲ့ အဓိကအလုပ်ကတော့ ကွန်ဂရက်လွှတ်တော်ထဲက ဖောက်နေတဲ့ ရီပတ်ဗလစ်ကန် အမတ်တွေရဲ့ အရေအတွက်ကို လျော့ကျသွားအောင် လုပ်ပေးဖို့ပဲဖြစ်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ အထက်လွှတ်တော်မှာလည်း အငြင်းပွားမှုတွေကို အဆုံးသတ်ပေးနိုင်ဖို့ မဲခွဲ အဆုံးအဖြတ်ပေးဖို့ လုပ်ပေးနိုင်တဲ့ ဒီမိုကရက်မဲ ရှစ်မဲလောက်ကို ရအောင်ဆွဲဆောင်ထားဖို့ လိုတယ်လို့လည်း အမေရိကန်နိုင်ငံရေး လေ့လာသူတွေက သုံးသပ်ပြောဆိုခဲ့ပါတယ်။

ဘာပဲဖြစ်ဖြစ် ဒီ ရုရှား၊ အီရန်နဲ့ မြောက်ကိုရီးယားနိုင်ငံတွေအပေါ် အရေးယူ ပိတ်ဆို့မှုသစ်ကို သမ္မတရဲ့သဘောထားကို ဆန့်ကျင်ပြီး မဲပေး အတည်ပြုလိုက်နိုင်တာဟာ အောက်နဲ့ အထက်လွှတ်တော် ၂ ရပ်စလုံးမှာရှိတဲ့ စဉ်းစားအဆုံးအဖြတ်ပြုနိုင်တဲ့ အမတ်တွေရဲ့ ရပ်တည်ချက်ကသာ အရေးကြီးတယ်ဆိုတာကို တင်ပြလိုရင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံက လူထုကိုယ်စားလှယ် အမတ်ဆိုသူတွေ စဉ်းစားကြည့်စေချင်တာလည်း ပါပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular