Email This Story :
ရာသီတုပ်ကွေး H1N1 ရောဂါကူးစက်ပြန့်ပွားမှုမရှိအောင် ထိမ်းချုပ်တဲ့အနေနဲ့ တောင်ပြုံးပွဲတော် ကျင်းပမယ့်ရက်ကို ရွှေ့ဆိုင်းလိုက်ပြီးနောက် မန္တလေး အောင်မြေသာစံမြို့နယ်လမ်းဆုံမှာ တောင်ပြုံးနယ်မြေကို သွားမယ့် ကားတွေကို စစ်ဆေး တားမြစ်ပိတ်ပင်လိုက်ပါတယ်။
ကျန်းမာရေးဌာန၊ ရဲတပ်ဖွဲ့၊ မြို့နယ်နယ်နဲ့ ရပ်ကွက် အုပ်ချုပ်ရေးတာဝန်ရှိသူတွေ ပူးပေါင်းပြီး ဖြတ်သန်းသွားလာတဲ့ ကားတွေနဲ့ မော်တော်ဆိုင်ကယ်တွေကို စစ်ဆေးပြီး လက်ကမ်းစာစောင်တွေဖြန့်ဝေ ကျန်းမာရေးအသိပေးတာတွေ ပြုလုပ်နေတာဖြစ်ပါတယ်။
တောင်ပြုံးနယ်မြေထဲကို သွားမယ့် ကားတွေကို အဝင်လက်မခံတော့သလို တောင်ပြုံး ဒေသအတွင်းက ဈေးသည်တွေနဲ့ ဒေသခံတွေ ပြန်လည်ထွက်ခွာမယ်ဆိုရင်လည်း ကျန်းမာရေး စစ်ဆေးပြီးမှမြို့တွင်းကို ဝင်ခွင့်ပြုမှာ ဖြစ်ပါတယ်။
တုပ်ကွေးရောဂါ သံယယရှိသူတွေ့ရှိခဲ့ရင်လည်း ဆေးရုံကိုချက်ခြင်းပို့ ဆောင်ပြီး ဆေးကုသမူခံယူစေမှာ ဖြစ်တယ်လို့ မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ပြောပါတယ်။
အနယ်နယ်အရပ်ရပ်ကနေ လာရောက်ကြတဲ့ တောင်ပြုံးပွဲလာ ကားတွေကို ၀င်ခွင့်မပြုတော့တာကြောင့် မန္တလေးက အထင်ကရနေရာတွေဖြစ်တဲ့ ဦးပိန်တံတား၊ ပလိပ်မြွေဘုရား၊ ပုထိုးတော်ကြီး၊ မန္တလေးတောင်၊ ကုသိုလ်တော် ကျောက်စိမ်းဘုရားတွေမှာ သွားရောက်လည်ပတ်ကြသူတွေနဲ့ စည်ကားနေပါတယ်။
လတ်တလော ရာသီတုပ်ကွေး H1N1 ရောဂါဖြစ်ပွားမှု အခြေအနေပေါ်မူတည်ပြီး ပြည်သူလူထုတွေရဲ့ ကျန်းမာရေးလုံခြုံမှုအတွက် တောင်ပြုံးပွဲတော် ကျင်းပမယ့်ရက်ကို ရောဂါ ထိမ်းချုပ်နိုင်တဲ့ ကာလအထိ အရေးပေါ်ပြောင်းရွှေ့လိုက်ကြောင်း မန္တလေးတိုင်း ဒေသကြီး အစိုးရက မနေ့က ထုတ်ပြန်ကြေညာထားတာဖြစ်ပါတယ်။