လာမယ့် သြဂုတ် ၁ ရက်ကနေ ၅ ရက်အထိ အိန္ဒိယနိုင်ငံမှာ ကျင်းပမယ့် ကမ္ဘာ့ဗိုဗီနမ်ပြိုင်ပွဲမှာ မြန်မာအားကစားအဖွဲ့က အောင်မြင်မှုရဖို့ မျှော်မှန်းထားပါတယ်။
ဒီပြိုင်ပွဲဟာ ၅ ကြိမ်မြောက်ပြိုင်ပွဲဖြစ်ပြီး နိုင်ငံပေါင်း ၂၀ က ကစားသမား ၃၅၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ကြမှာပါ။
မြန်မာဗိုဗီနမ်အဖွဲ့အနေနဲ့ နည်းပြ၊ အုပ်ချုပ်သူနဲ့ ကစားသမား စုစုပေါင်း ၁၂ ဦးနဲ့ ဝင်ပြိုင်မှာဖြစ်ပြီး ဇူလိုင် ၃၁ ရက်မှာ ရန်ကုန်မြို့ကနေ ထွက်ခွာမှာဖြစ်ပါတယ်။
ဗိုဗီနမ်အားကစားမှာ အတိုက်နဲ့အပြ နှစ်မျိုးရှိပြီး အသင်းလိုက်၊ တဦးချင်းနဲ့ ရောနှောပြိုင်ပွဲအမျိုးအစားတွေ ပါဝင်ပြီး အခုပြိုင်ပွဲမှာတော့ ပြိုင်ပွဲအမျိုးအစား ၄၃ မျိုး ထည့်သွင်းကျင်းပမှာပါ။
မြန်မာနိုင်ငံအနေနဲ့ ပြိုင်ပွဲ ၁၅ မျိုးမှာ ကစားသမား ၈ ဦးနဲ့ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
ဗီယက်နမ် သိုင်းအားကစားတမျိုးဖြစ်တဲ့ ဗိုဗီနမ်အားကစားကို ၂၀၁၁ ဆီးဂိမ်းနဲ့ ၂၀၁၃ ဆီးဂိမ်းပြိုင်ပွဲတွေမှာ ထည့်သွင်းကျင်းပခဲ့ဖူးပါတယ်။
မြန်မာဗိုဗီနမ်အဖွဲ့အနေနဲ့ နိုင်ငံတကာ ဗိုဗီနမ်ပြိုင်ပွဲ ၃ ကြိမ်ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပြီး ပြည်ပပြိုင်ပွဲ ၃ ကြိမ် အပါအဝင် စုစုပေါင်းပြိုင်ပွဲ ၆ ကြိမ်မှာ ရွှေတံဆိပ်စုစုပေါင်း ၂၄ ခု၊ ငွေတံဆိပ် ၂၂ ခု၊ ကြေးတံဆိပ် ၄၂ ခု ရရှိခဲ့ပါတယ်။
သတင်း၊ ဓာတ်ပုံ – လွှမ်းမိုးအောင်