မော်ဒန် ဂျာနယ်ကို တရားစွဲ
DVB
·
March 6, 2012

ပြီးခဲ့တဲ့ ၂၀၁၁ နိုဝင်ဘာလက သပိတ်ကျင်း - တကောင်းလမ်း မကောင်းတဲ့အကြောင်း ရေးသားခဲ့တဲ့ သတင်း၁ ပုဒ် ကြောင့် ဆောက်လုပ်ရေး ၀န်ကြီးဌာနက မော်ဒန်ဂျာနယ် သတင်းထောက် ၁ ဦးကို တရားစွဲထားပါတယ်။
[caption id="attachment_22124" align="alignleft" width="341" caption="(ဓာတ်ပုံ- ဒီဗွီဘီ)"]
[/caption]
သပိတ်ကျင်းအနီးမှာ လမ်းမကောင်းတဲ့ အကြောင်းကို သတင်းထောက် မသက်စုအောင်က မော်ဒန် ဂျာနယ်မှာ ရေးသားခဲ့တဲ့ သတင်းနဲ့ ပတ်သက်လို့ ဆောက်လုပ်ရေး ၀န်ကြီးဌာနက တရားစွဲ ဆိုလိုက်တာ ဖြစ်တယ်လို့ မန္တလေး အခြေစိုက် အယ်ဒီတာ တဦးက ပြောပါတယ်။
မန္တလေးတိုင်းဒေသကြီး ဆောက်လုပ်ရေး ၀န်ကြီးဌာနလက်အောက်က သပိတ်ကျင်း- တကောင်းလမ်း တာဝန်ရှိ အင်ဂျင်နီယာက အသရေဖျက်မှုနဲ့ သပိတ်ကျင်းမြို့နယ် တရားရုံးမှာ စွဲဆိုထားတာ ဖြစ်တယ်လို့ ရွှေမန္တလေး ဂျာနယ် အယ်ဒီတာ ကိုထွန်းဝင်းက ပြောပါတယ်။
“လမ်းပိုင်းကိစ္စပါ။ သပိတ်ကျင်းဘက်မှာ လမ်းတွေမကောင်းဘဲ သွားရ လာရ တာ အဆင်မပြေဘူး။ လမ်းတွေပြုပြင်ထားမှုမရှိဘူးဆိုတဲ့ ရေးသားချက်ကို မူတည်ပြီး မဟုတ်မမှန်ဘူးဆိုပြီး တရားစွဲတာ။ ရေးသားထားတာက လွန်ခဲ့တဲ့ ၂လကျော် ၃လ လောက်ကရေးထားတာ။ ပထမ တရားမစွဲသေးဘဲနဲ့ ခုမှ တရားစွဲဖို့လုပ်တာ ဖြစ် မယ်။”
ဒီနေ့မှာတော့ သတင်းထောက် မသက်စုအောင်က သပိတ်ကျင်း တရားရုံးမှာ တရားရင်ဆိုင်ရမယ်လို့ ဆိုပါတယ်။ မသက်စုအောင်ကို ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။ ရန်ကုန် မော်ဒန်ဂျာနယ်ကတော့ ဒီသတင်းကို သိရှိရခြင်း မရှိဘူးလို့ ပြောပါတယ်။
တရားစွဲဆိုမှုနဲ့ ပတ်သက်ပြီးတော့ ကိုထွန်းဝင်းက သူရဲ့ အမြင်ကို အခုလို ပြောပြပါတယ်။
“လောလောဆယ် ကျနော်တို့ဆီမှာ မီဒီယာ ဥပဒေဆိုတာလည်း ဘာမှ မလုပ်နိုင်သေးဘူးလေ။ အခုမှ စီစဉ်တုန်းပဲ ရှိသေးတယ်။ တကယ်တမ်း ပြောမယ်ဆိုရင် ကျနော်တို့ မီဒီယာလောကကို သွေးတိုးစမ်းတဲ့ အပိုင်းလို့လည်း ပြောလို့ရတယ်။ ဒီကိစ္စကို သူတယောက်ထဲတင် မဟုတ်ဘူး။ ကျနော်တို့ မီဒီယာလောကသား တော်တော်များများကလည်း မကျေနပ်ဘူး။ ကျနော်တို့က ဒါအမှန်ကို အမှန်အတိုင်းရေးတာ။ ဒီကိစ္စမှာ ဂျာနယ် တစောင်ထဲ ရေးတာ မဟုတ်ဘူး။ တော်တော်များများ သုံးလေးစောင်လောက် ၀ိုင်းရေးတယ်။ သူ့တယောက်ထဲကိုပဲ တရားစွဲတာ၊ ကွင်းကွင်းကွက်ကွက်နဲ့ ခေါ်ပြီးတရားစွဲတာ။”
ဒီသတင်းမှာ ဓာတ်ပုံ အထောက်အထား ခိုင်ခိုင်လုံလုံ တင်ပြထားတယ်လို့ ဆို ပါတယ်။ သတ်မှတ် တန်ချိန်ကျော်တဲ့ ယာဉ်တွေက ကားလမ်းပေါ်က တံတား တွေ ပေါ် ဖြတ်သန်းခွင့် မရှိတဲ့အတွက် ရှောင်လမ်းက မောင်းနှင်ရပေမယ့် ရှောင်လမ်း က လည်း ပိုဆိုးတာကြောင့် တံတားပေါ်ကို ပိုက်ဆံပေးပြီး ဖြတ်မောင်းရတဲ့ အကြောင်း ရေးသားခဲ့ပါတယ်။
ဒီသတင်းကို ရန်ကုန်နဲ့ မန္တလေး အခြေစိုက် ဂျာနယ်များ ကလည်း ရေးသားခဲ့ပေမဲ့ မော်ဒန် ဂျာနယ် တခုတည်းကိုသာ တရားစွဲဆိုလိုက်တာလို့ ဆိုပါတယ်။
