ဟင်္သာတ မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးဝင်းအတွင်း ဗုံးပေါက်ကွဲ
နော်နိုရင်း
·
March 6, 2012

ဧရာဝတီတိုင်း ဟင်္သာတမြို့ ရုံးကြီးရပ်ကွက်မှာရှိတဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးဝင်း အတွင်း ဒီနေ့ မနက် ၉ နာရီ မိနစ် ၅၀ မှာ ဗုံးပေါက်ကွဲမှု တခု ဖြစ်ပွားခဲ့ပါတယ်။
[caption id="attachment_22121" align="alignleft" width="300" caption="ဗုံးပေါက်ကွဲမှုဖြစ်ပွားသည့် ကွန်ကရစ်လမ်း"]
[/caption]
ခရိုင်အုပ်ချုပ်ရေးမှူးရုံးနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးကြားက ကွန်ကရစ် လမ်းမှာ ပေါက်ကွဲတာ ဖြစ်ပြီး လမ်းအနည်းငယ် ပျက်စီးသွားခဲ့ပေမယ့် ထိခိုက် ဒဏ်ရသူ မရှိဘူးလို့ ဟင်္သာတမြို့ခံ တဦးက ခုလို ပြောပါတယ်။
“ပေါက်တဲ့အသံကို ကျနော်တို့ တမိုင် ပတ်လည်လောက်ကနေ ကြားတော့ မေးကြည့်တဲ့အခါ မရက ရုံးထဲမှာ ဗုံးပေါက်တယ်ဆိုပြီး သိလိုက်တာ။ တုန်လှုပ်မှု တော့ မရှိပါဘူး။ မြန်အောင်မှာတုန်းကလည်း ကြံ့ခိုင်ရေးရုံးမှာ ဗုံး နှစ်ခါ ပေါက်တုန်း ကလည်း ဘာမှ ထိခိုက်မှု မရှိဘူးလေ။ အခုလည်း ဒီမှာ လူတွေ အထိအခိုက်တော့ မရှိဘူး။”
ဟင်္သာတမြို့ ဆက်သွယ်ရေး ရုံးဝင်းအတွင်းက ဆက်သွယ်ရေး တာဝါတိုင် အောက်မှာလည်း မပေါက်ကွဲသေးတဲ့ ဗုံး ၁လုံး ထပ်မံ တွေ့ရှိတဲ့အတွက် အဲသည် နေရာ တ၀ိုက်မှာ တာဝန်ရှိ သူတွေက ရှာဖွေ ရှင်းလင်းနေတယ်လို့ မြို့ခံ တယောက် က ပြောပါတယ်။
“တာဝါတိုင်အောက်မှာ ဗုံး တလုံး ထပ်တွေ့လို့ အဲဒီ့နားက လူတွေအိမ်ပြင်ကို ထွက်ပေးပြီး ခြံဝင်းတွေထဲကို မြို့မှာရှိတဲ့ တပ်ရင်း ၁၈ ကလူတွေနဲ့ မိုင်းရှာတဲ့ အဖွဲ့နဲ့ ရှာနေတယ်။ နောက်ထပ်တော့ ဘာမှ ထူးခြားမှု မဖြစ်သေးဘူး။”
ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့တဲ့အကြောင်းကို ဟင်္သာတမြို့ အမှတ် ၁ ရဲစခန်းက အတည်ပြု ပြောဆိုပေမယ့် အသေးစိတ်ကို မသိရသေးဘူးလို့ ဖြေဆိုပါတယ်။ အမှတ် ၂ ရဲစခန်းကို ဆက်သွယ်တဲ့အခါ ပြန်လည်ဖြေကြားခြင်း မရှိပါဘူး။
