Home
မြန်မာသတင်း
မော်လမြိုင်တွင် H1 N1 သံသယရှိ လူနာတဦးတွေ့ရှိ၊ ရန်ကုန် ဆေးရုံကြီးသို့ ပို့ဆောင်
DVB
·
July 28, 2017
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ဇာနည်အောင် အထွေထွေရောဂါကုဆေးခန်းမှ H1N1 လို့ သံသယရှိ လူနာတဦး တွေ့ရှိခဲ့ပြီး ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ခဲ့ရကြောင်း သိရပါတယ်။ လူနာမှာ အသက် ၃၀ အရွယ်အမျိုးသမီး ဖြစ်ပြီး ရန်ကုန်မှမော်လမြိုင်ကို လာရောက်လည်ပတ်ခဲ့တာဖြစ်ပါတယ်။ လူနာကို လွှဲပြောင်းပေးခဲ့တဲ့ အေးမြကြည်လင် နာရေးကူညီမှုအသင်းမှ အတွင်းရေးမှူး ဦးသန်းနိုင်ထွန်းက “ကျနော်တို့ မွန်ပြည်နယ်မှာ မဖြစ်သလောက်ပါပဲ။ ရန်ကုန်မှာကတည်းက ဖြစ်နိုင်ချေ ရှိတယ်လို့တော့ ထင်ပါတယ်။ ရန်ကုန်ကို ကျနော်တို့ လူနာတင်ယာဉ်နဲ့ ပို့လိုက်တယ်။ မြို့ထဲဝင်တော့ လမ်းပိတ်တာတို့၊ ကြပ်တာတို့ရှိတဲ့အတွက် အမြန်လမ်းထိပ် အမှတ်(၃) လမ်းဆုံထိပ်မှာ ရန်ကုန်က K-Ambulance နဲ့ ဦးကျော်သူအဖွဲ့နဲ ချိတ်ဆက်ပြီးတော့ ရန်ကုန်ဆေးရုံကြီးကို ပို့လိုက်ပါပြီ။ H1 N1 သံသယ ရှိတယ်ဆိုလို့ ပိုးသတ်ဆေးတွေ ဖြန်း၊ ကျနော်တို့ အဖွဲ့ဝင်တွေလည်း ဆေးစစ်တာတွေ လုပ်ရမှာပါ” လို့ ပြောပါတယ်။ ဇူလိုင် (၂၆) ရက်နေ့ နေ့လယ် ၁၂ နာရီအချိန်လောက်က ဇာနည်အောင် ဆေးခန်းကနေ ရန်ကုန်ကို ပို့ဆောင်ခဲ့တာလို့ သိရပါတယ်။ “လူနာကတော့ အဖျားကြီးတယ်။ ကိုယ်ပူရှိန်တွေကျတယ်။ အောင်ဆီဂျင်တွေ နည်းနေလို့ အောက်ဆီဂျင် တောက်လျှောက်ပေးခဲ့ရတယ်။ ကျနော်တို့က အဖျားရှိတယ်လို့ပဲ သိရတာ၊ ရန်ကုန်ဆေးရုံကြီးရောက်တော့ H1N1 သံသယလူနာဖြစ်နေတယ်။ ကျနော်တို့ ကားတွေကို ပိုးသတ်ဆေးဖြန်း၊ သန့်ရှင်းရေး ပြန်လုပ်ထားတယ်” လို့ နာရေကူညီမှုအသင်း(ရန်ကုန်) အရေးပေါ်ကယ်ဆယ်ရေးဌာနမှ ဦးရဲသွင်ထွဋ်က ပြောပါတယ်။ မွန်ပြည်နယ်မှာ အဆိုပါ Virus ပိုးနဲ့ ပတ်သက်ပြီး အသိပညာပေးမှုသာရှိပြီး ကြိုတင်ကာကွယ်ထားမှု မရှိသေးကြောင်း မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရပါတယ်။ မြန်မာတနိုင်ငံလုံးမှာ ဇူလိုင် ၁၉ ရက်ကစပြီး  A(H1N1) တုပ်ကွေးရောဂါဖြစ်ပွားတဲ့ လူနာအယောက် ၃၀ ရှိပြီး သေဆုံးသူ ၆ ဦးရှိနေပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ အာကာမင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024