DVB Logo
Home
မြန်မာသတင်း
အမျိုးသားသတင်းဆု ဆန်ခါတင်စာရင်းတွင် ဒေါ်အောင်ဆန်းစုကြည်ဆောင်းပါး ပါဝင်
DVB
·
March 6, 2012
အမျိုးသားသတင်းဆု ဆန်ခါတင်စာရင်းတွင် ဒေါ်အောင်ဆန်းစုကြည်ဆောင်းပါး ပါဝင်
Donate to DVB

အမျိုးသားသတင်းဆုကို ကြေညာတော့မှာဖြစ်ပြီး ဒေါ်အောင်ဆန်း စုကြည်ရဲ့ ဆောင်းပါးက ဆန်ခါတင်စာရင်းမှာ ပါနေတယ်လို့   ဆုရွေးချယ်ရေး ကော်မတီ အတွင်း ရေးမှူး ဦးဝင်းငြိမ်းက ပြောပါတယ်။

“အမျိုးသားသတင်းဆုနဲ့ ပတ်သက်လို့က မတ်လ ၁၈ ရက်နေ့မှာ ပွဲလုပ်ပါ လိမ့်မယ်။ ဆန်ခါတင် စာရင်းတွေလည်းထွက်ပါပြီ။ တော်တော်ကြာနေပါပြီ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စာမူက ဆန်ခါတင်ထဲမှာ ပါပါတယ်။ ဆန်ခါတင်က တ ဆုကို ငါး ဦးရွေးထားပါတယ်။"

အမျိုးသားသတင်းဆုကို ဖေဖော်ဝါရီလအတွင်း ကြေညာဖို့ စီစဉ်ထားပေမယ့် (News Watch) ဂျာနယ်မှာပါတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရာမာယန ဆောင်းပါးနဲ့ ပတ်သက်ပြီး ပြန်ကြားရေးဌာနနဲ့ အငြင်းပွားဖွယ်ရာ ဖြစ်နေတဲ့အတွက် မတ်လရောက်မှ ကြေညာရတာလို့ သိရပါတယ်။

အမျိုးသားသတင်းဆုတွေကို  ပြန်ကြားရေးနဲ့  ယဉ်ကျေးမှုဝန်ကြီး ဦးကျော် ဆန်းက  ချီးမြှင့်ပေးမှာ ဖြစ်တယ်လို့ ဦးဝင်းငြိမ်းက ပြောပါတယ်။

"ဒိုင်းဆုတံဆိပ်ပါမယ်။ မှတ်တမ်းတင်ဂုဏ်ပြုလွှာပါမယ်။ ငွေသား၁၀ သိန်း ချီးမြှင့်မှာပါ။ " လို့  သူက ပြောပါတယ်။

အမျိုးသားသတင်းဆု ရွေးချယ်တာနဲ့ ပတ်သက်ပြီး မရှင်းလင်းတဲ့ အကြောင်း ကို ရန်ကုန်အခြေစိုက် မြန်မာ သမာဓိ စီးပွားရေးဂျာနယ်က အယ်ဒီတာချုပ် ကိုသက်ဇင် က အခုလို ဝေဖန်ပါတယ်။

“သူတို့ရဲ့ ရွေးချယ်ပုံ စနစ်ကိုက မရှင်းလင်းဘူး ဖြစ်နေတယ်။ သူတို့က မြန်မာပြည်မှာ ထွက်သမျှ သတင်း၊ ဂျာနယ်၊ ဆောင်းပါး၊ မဂ္ဂဇင်း၊ ရှိသမျှ အကုန်လုံးထဲကနေ ဖတ်ပြီး ဆုရွေးချယ်ရေး အဖွဲ့က နေပြီး တော့ ရွေးချယ်တာ မဟုတ်ဘဲနဲ့ သူတို့ဆု လိုချင်ရင် ကိုယ်ရေးထားတာကို ရေးထားတဲ့ ဂျာနယ်ရဲ့ မိတ္တူ၊ ကိုယ်တိုင်ရေးကြောင်း ၀န်ခံချက်တွေ ဘာတွေနဲ့ ဆုရွေးချယ်ရေး ကော်မတီကို ပို့ပေးရသလို ဖြစ်နေတယ်။
ဒီလို ရွေးချယ်တဲ့ ပုံစံမျိုးဖြစ်နေတော့ အခု ဒေါ်အောင်ဆန်းစုကြည်ကို ပေးတယ် ဆိုတာ ဒေါ်အောင်ဆန်းစုကြည် သူ့ရဲ့ ဆောင်းပါးကို ၀င်ပြိုင်တာလား ဒါမှမဟုတ် အယ်ဒီတာအဖွဲ့ကပဲ ဒေါ်အောင်ဆန်းစုကြည်ရေးတဲ့ ဆောင်းပါးကို ၀င်ပြိုင်တာလား။ သူတို့ တွေ့မိ၊ ဖတ်မိတဲ့ ဆောင်းပါးကိုပဲ ရွေးချယ်တာလား ဆိုတာနဲ့ ပတ်သက်ပြီး မရှင်းလင်းဘူး။"

အမျိုးသားအဆင့် စာပေဆုဖြစ်တဲ့အတွက် ၀င်ပြိုင်စရာမလိုဘဲ ပေးတဲ့ ဆုမျိုး ဖြစ်သင့်တယ်လို့  ကိုသက်ဇင်က ပြောပါတယ်။ အမျိုးသားသတင်းဆုကော်မတီဟာ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ လက်အောက် ခံ မြန်မာနိုင်ငံစာပေနဲ့စာနယ်ဇင်းအဖွဲ့ကနေ ဆက်စပ် ဖွဲ့စည်းထားတာ ဖြစ်တဲ့အတွက် လွတ်လပ်တဲ့ အဖွဲ့အစည်းမဟုတ်ဘူးလို့ လည်း သူက ထောက်ပြပါတယ်။

၂၀၁၁ခုနှစ် ဇန်န၀ါရီ ၁ ရက်နေ့မှ ဒီဇင်ဘာ ၃၁ ရက် နေ့အထိ မြန်မာနိုင်ငံ အတွင်းက စာနယ်ဇင်းများမှာ ဖော်ပြခဲ့တဲ့ သတင်းနဲ့ ဆောင်းပါးများကို စိစစ် ရွေးချယ်ပြီး ဆုငါးဆု ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
အမျိုးသားသတင်းဆု ဆန်ခါတင်စာရင်းတွင် ဒေါ်အောင်ဆန်းစုကြည်ဆောင်းပါး ပါဝင်