Home
ဆောင်းပါး
အနီးစပ်ဆုံးမှ လိုအပ်ချက်များအား ဖြည့်ဆည်းပေးပါ
DVB
·
July 28, 2017
စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ဒေသဖွံ့ဖြိုးရေး အစရှိတဲ့ လိုအပ်ချက်တွေ များမြောင်လှတဲ့ ဒီတိုင်းပြည်ကြီးထဲမှာ ကျနော်တို့တွေရဲ့ လိုအပ်ချက်တွေကလည်း တခုတည်းမကပါဘူး။ နိုင်ငံရေးကိုလည်း ကောင်းစေချင်၊ စီးပွားရေးကိုလည်း တက်စေချင်၊ စစ်ရေးကိုလည်းပဲ ငြိမ်းချမ်းစေချင်သလို သတင်းစာတွေ ဖတ်လိုက်၊ ဂျာနယ်တွေ ဖတ်လိုက် တိုင်းပြည်အနာဂတ် ကောင်းလာမည်လို့ မျှော်လင့်လိုက်နဲ့ နေထိုင်ခဲ့ရတာလည်း များပါပြီ။ ဒီလို မျှော်လင့်ချက်ထားပေမယ့် ကိုယ်နဲ့သင့်တော်တဲ့ အရေးကိစ္စ၊ အနီးစပ်ဆုံး ကိစ္စရပ်တွေကိုတော့ ပိုပြီး စိတ်ဝင်တစား ရှိတတ်ကြပါတယ်။ ပိုပြီးတော့လည်း ကောင်းမွန်စေချင်ပါတယ်။ ကမ္ဘာကျော် ရုရှားစာရေးဆရာကြီး လီယိုတော်စတွိုင်းလ်ရဲ့ စစ်နှင့်ငြိမ်းချမ်းရေး စာအုပ်မှာ ပါလာတဲ့ စကား ၃ ခွန်း ရှိပါတယ်။ အရေးကြီးဆုံးအချိန်က လက်ရှိအချိန်၊ အရေးကြီးဆုံးအလုပ်က လက်ရှိလုပ်ကိုင်နေတဲ့ အလုပ်၊ အရေးကြီးဆုံးတာဝန်က လက်ရှိ အနီးစပ်ဆုံး ရှိတဲ့သူကို ကူညီပေးဖို့ အလုပ်ပါတဲ့။ အနီးစပ်ဆုံးကို ကူညီပေးမယ့်အလုပ် (တနည်းအားဖြင့်) လုပ်ငန်းတာဝန်ဆိုတဲ့ စကားဟာ တိုင်းပြည်တည်ဆောက်ရေးမှာပဲ ဖြစ်ဖြစ်၊ မိသားစုထဲမှာပဲ ဖြစ်ဖြစ် အလွန်အကျိုးရှိတဲ့စကား ဖြစ်ပါတယ်။ တကယ်တမ်း စဉ်းစားကြည့်ရင် ကျနော်တို့ လူ့အဖွဲ့အစည်းရဲ့ တိုးတက်မှုဟာ ကူညီပေးနိုင်တဲ့သူတွေက အနီးစပ်ဆုံးတွေကို ကြည့်ရှုစောင့်ရှောက်ပေးတာ၊ ကူညီပေးတာတွေကို လိုအပ်လျက် ရှိနေပါတယ်။ ပညာရေးကိုပဲ ကြည့်မလား၊ ကျနော်နေထိုင်တဲ့ စစ်တွေမြို့မှာဆိုရင် ရပ်ကွက်တိုင်းလိုလို စာမသင်ရတဲ့ ကျောင်းသားတွေကို လမ်းတိုင်းမှာ တွေ့နိုင်ပါတယ်။ အသက်အရွယ်ကလည်း ၁၀ နှစ်ကျော်ကျော် အရွယ်တွေ၊ သူတို့ဟာ ကျောင်းနေမယ့်အရွယ်မှာ ငွေရှာတဲ့အလုပ်တွေကို လုပ်ကိုင်နေကြရတယ်။ ဒီလိုမျိုး ကလေးငယ်တွေဟာ စစ်တွေမြို့နည်းတူ ကျေးရွာတွေမှာလည်း ရှိကြတာပါပဲ။ တနိုင်ငံလုံး အတိုင်းအတာမှာလည်း ရှိနေကြတာပါပဲ။ စာမတတ်သူ ပပျောက်ရေးကို အစိုးရက ဆောင်ရွက်နေပေမယ့် ဆောင်ပုဒ်ရဲ့ တဘက်ကမ်းမှာ ဒီကလေးငယ်တွေ ရောက်ရှိနေပါတယ်။ စာသင်ကျောင်း ၄၀၀၀ ကျော်ရှိနေတဲ့ ပြည်နယ်မှာ ကျောင်းပြင်ပကို ရောက်နေတဲ့ ကလေးငယ်တွေဟာ ၄၀၀၀ မကပါဘူး။ စာသင်ခန်းထဲမှာ ရှိနေရမယ့် အရွယ်တွေဟာ လမ်းပေါ်ရောက်လာကြတာဟာ စီးပွားရေး အဆင်မပြေကြလို့ပါ။ တချို့မိဘတွေဆို လူမှုရေး အဆင်မပြေကြတာလည်း ပါဝင်ကြပါတယ်။ ဒီလို ကလေးငယ်မျိုးတွေကို ပညာရေးဝန်ထမ်းတွေ ဖြစ်တဲ့ ဆရာ၊ ဆရာမတွေ၊ လွှတ်တော်ကိုယ်စားလှယ်တော်ကြီးတွေ၊ အစိုးရရုံးက ဝန်ကြီးတွေလည်း တွေ့နေ၊ မြင်နေကြပါပဲ။ ဒါပေမယ့် အနီးစပ်ဆုံးကို ကူညီမယ့် တာဝန်ထက် နိုင်ငံတော်ရဲ့ တခြားတခြားသော အရေးကြီးကိစ္စများကို ဆောင်ရွက်နေရတဲ့ အခါ နီးလျက်နဲ့ ဝေး ဖြစ်နေကြပါတယ်။ ရပ်ရွာဖွံ့ဖြိုးရေးကိစ္စတွေ ဆိုရင်လည်း အိမ်ရှေ့က ထွက်လိုက်ရင်ပဲ တွေ့ရပါပြီ။ အိမ်ရှေ့ကို ထွက်လိုက်ရင် ရေမြောင်းကိစ္စ၊ တချို့ကတော့ ရပ်ကွက်ကိုလည်း စည်ပင်စေချင်တယ်။ ပလက်ဖောင်းပေါ်မှာ ဈေးဆိုင်ဖွင့်တာကိုလည်း လမ်းဖယ်မပေးချင်တာတွေကိုလည်း မြင်တွေ့ရပါတယ်။ ဒါပေမယ့် အစိုးရက စီမံကိန်းနှင့် အသေအချာလုပ်ရင် ဘယ်သူမှလည်း မငြင်းသာ ဖယ်ပေးရကြရတာပါပဲ။ ဒီလို စီမံပေမယ့် စီမံပြီး ပစ်ထားလိုက်တာမျိုးလည်း ရှိတတ်ပါတယ်။ ကျနော်နေတဲ့ ရပ်ကွက်မှာဆိုရင် တမိုးတွင်းမှာ ရေမြောင်းကို လာတူးပေးတာ နှစ်ကြိမ်ရှိပါပြီ။ အိမ်တန်းတတန်းလောက် တူးဖော်လိုက် မေ့လောက်ပြီရှိမှ နောက်တခေါက် လာလိုက်၊ လာတဲ့အချိန်တွေကလည်း ညမိုးချုပ်တဲ့အချိန်တွေဆိုတော့ ရပ်ကွက်သားတွေက အလုပ်ပိုလည်း ဖြစ်သလို တူးပြီး ပြန်မလာတာကြောင့်လည်း အပိုလုပ်ပြသလိုကို ခံစားကြရပါတယ်။ ဒီထက်နည်းနည်း လျှောက်လိုက်ရင်တော့ တွေ့ရပါပြီ။ အနှစ်နှစ်အလလ တောင့်တခဲ့ရတဲ့ ရပ်ကွက်လမ်းမကြီးကို ဆည်မယ်၊ ဖို့မယ်၊ ကတ္တရာခင်းမယ်ဆိုပြီး ကွန်တိန်နာကားတွေနဲ့ ကျောက်တုံးကြီးကြီးတွေကို စုပုံထားခဲ့တာ ၂ လတာခန့်ရှိနေပါပြီ။ လမ်းက တပိုင်းလောက်လုပ်ပြီး အဆက်ပြတ်နေပါတော့တယ်။ စီမံကိန်းတွေ ဘာတွေအရ မလာနိုင်သေးတာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ရပ်ကွက်ထဲမှာ ဒီလိုမျိုး စေတနာနဲ့ အလကားလုပ်ကိုင်ပေးခဲ့တာက မရှိဘူးတဲ့အခါ ဘာပဲ လာလုပ်ပေးပေး ထီပေါက်သလို ဝမ်းသာရတဲ့အဖြစ်ပါ။ အချိန်မှန်မှန် လာလုပ်ပေးစေချင်တာ တခုပါ။ လွန်ခဲ့တဲ့ ၂ နှစ်လောက်ကလည်း ကုမ္ပဏီတခုကနေ ရပ်ကွက်အတွက် ရေတွင်းတတွင်းလုပ်တာ မိုးတွင်းကလုပ်တဲ့ ရေကန်က ဆောင်းရာသီထိ မပြီးဘူး ဖြစ်နေလို့ ဟိုတိုင် ဒီတိုင် ဖြစ်ခဲ့ကြပါသေးတယ်။ ဒါတွေဟာ အလွန်တရာ ဝေးကွာနေတဲ့ ဒေသက အစိုးရမင်းများ စေညွှန်းနေသလား။ စည်ပင်နှင့်ပတ်သက်ရင်လည်း ဒီမြို့ထဲမှာပဲ စည်ပင်ဝန်ကြီး ရှိနေတယ်။ ဒီမြို့ထဲမှာပဲ စည်ပင်အရာရှိကြီးတွေ ရှိနေပါတယ်။ မကြာသေးမီက မိုရာ မုန်တိုင်းတိုက်တော့ အိမ်ရှေ့က ဓာတ်မီးတိုင်ဟာ လဲပြိုကျသွားပါရော။ ဒီမီးတိုင်ကို ထူမတ်ဖို့အချိန်ဟာ တလနီးနီး ကြာခဲ့ပါတယ်။ အဲဒီတလလုံးလုံး မီးက တရပ်ကွက်လုံး ပျက်ပေါ့။ စက်ရုံ၊ အလုပ်ရုံတွေ အပထား။ နေ့စဉ် ထမင်းချက်တာတောင် ရေက လျှံ၊ လျှပ်စစ်ကပြတ်နဲ့ မိုးစိုစိုမှာ ထင်းနဲ့ မီးမွှေးရတဲ့ ဒုက္ခက မသေးလှပါဘူး။ အနီးစပ်ဆုံးသူကို ကူညီပေးနိုင်မယ့် လူကြီးမင်းတွေဟာလည်း ဒီလိုရပ်ကွက်တွေထဲမှာ ရှိနေပါတယ်။ ဒါကြောင့် အနီးစပ်ဆုံးလူကို ကူညီပေးမယ့် စဉ်းစားလိုက်ရုံနဲ့ ကျနော်တို့ရဲ့ လူ့အဖွဲ့အစည်းဟာ အကောင်းဘက်ကို ဦးတည်လာနိုင်ပါတယ်။ နောက် တိုင်းပြည်အုပ်ချုပ်ရေးကဏ္ဍရဲ့ အခြေခံအုတ်မြစ်ဟာ ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေပါ။ ဒီရပ်ကျေးအုပ်ချုပ်ရေးမှူးရဲ့ စီမံမှုအောက်မှာပဲ ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေ လည်ပတ်နေကြတာပါ။ ဒါပေမယ့် ရပ်ကွက်နဲ့ မဝေးတဲ့နေရာမှာ ရှိနေတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေဟာ ရပ်ရွာဒေသခံတွေနဲ့ အင်မတန်မှ အလှမ်းဝေးတဲ့နေရာကို ရောက်နေကြသလို၊ တခါ တခါ နိုင်ငံတော်မှ ထုတ်ပြန်ထားတဲ့ ဥပဒေတွေနဲ့ အလှမ်းဝေးနေသလိုကို ရှိနေတတ်ပါတယ်။ ဥပမာအားဖြင့် ရဲစခန်းတို့မှာ အမှုဖွင့်တာ၊ ရပ်ကွက်ထောက်ခံချက်တွေ တောင်းယူတဲ့ကိစ္စတွေမှာ ပိုက်ဆံပေးစရာ မလိုအပ်ဘူး ပြောပေမယ့် ကျနော်သိသလောက်တော့ ပေးနေကြရတာပါပဲ။ စစ်တွေမြို့ မြို့ပေါ်ရပ်ကွက်တခုမှာဆိုရင် အိမ်တဆောင်ဆောက်ရင် ထောက်ခံချက် တစောင်အတွက် သုံးသောင်းခန့် ပေးနေရပါတယ်။ ဒါပေမယ့် ဒီ သုံးသောင်းတန် ထောက်ခံချက်ဟာ မပြီးသေးပါဘူး။ စည်ပင်ဌာနကိုသွားပြီး စာတင်ရပါတယ်။ စည်ပင်ကနေ ရုံးရန်ပုံငွေဆိုပြီး လျှောက်လွှာအတွက် ၁ သောင်းကျပ် ဖြတ်ထားလိုက်ပါသေးတယ်။ အိမ်အလွှာမြင့်ရင် မြင့်သလောက် အိမ်ကို စစ်ဆေးဖို့ဆိုပြီး အခွန်ကောက်တာက ၁ သိန်းနဲ့ ၁ သိန်းခွဲအထက်မှာ ရှိနေပါတယ်။ အရင်အစိုးရ ပြောင်းလဲပြီး ရုံးတိုင်း ရုံးတိုင်းမှာ လာဘ်ပေးလာဘ်ယူ ကင်းရှင်းရမယ်ဆိုတဲ့ ဆောင်ပုဒ်တွေ၊ နောက် တိုင်ကြားလို့ရတဲ့ ဖုန်းနံပါတ်တွေ ပေးထားပါတယ်။ ဒါပေမယ့် လာဘ်ပေးလာဘ်ယူလို့ မယူဆတဲ့ အပေးအယူ၊ သိတတ်နားလည်မှု၊ လက်ဖက်ရည်ဖိုး ဆိုတဲ့ အရာတွေကတော့ လူ့အဖွဲ့အစည်းထဲမှာ အမြစ်တွယ်နေတုန်းပါပဲ။ လက်ဆောင်မပါ ဂါထာမစူး၊ ဆိုတဲ့စကားပုံလို လက်ဆောင်လေး ပေးလိုက်မှ၊ (ယခုအခေါ်) အလှူငွေလေး ပေးလိုက်မှ မိမိတို့ရဲ့ အလိုဆန္ဒ ပြီးမြောက်သူများမှာလည်း ကိစ္စပြီးတဲ့အခါ သာသည်၊ နာသည် သဘောမထားကြတော့ဘဲ စောဒကမတက်ကြတော့ပါဘူး။ ရခိုင်ပြည်နယ်ရှိ တချို့ကျေးရွာတွေမှာဆိုရင် လင်မယား ကွာရှင်းမှုဟာ ၅ သောင်းကနေ ၁ သိန်းထိ ရှိနေပါတယ်။ ဘယ်သူတွေက ယခုလောက်ထိ တောင်းခံပိုင်ခွင့် ရှိထားပါသလဲ။ တရားဥပဒေနှင့်ပတ်သက်ရင် စံပြဖြစ်နေရမယ့် ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ ကိုယ်တိုင်က မသမာမှု ပြုနေတာကလည်း နေရာတိုင်းလိုလိုမှာ ကြုံတွေ့နေရပါတယ်။ မိုရာမုန်တိုင်း တိုက်ခတ်မှုကြောင့် မုန်တိုင်းဒဏ်ပါသွားတဲ့ တချို့အိမ်တွေကို မြိုနယ်ထွေအုပ်ဆီ စာရင်းတင်ပြကြတော့ တချို့ ရပ်ကွက်လူကြီးတွေ၊ တချို့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေဟာ ယခင် ဂီရိတိုက်ခဲ့တုန်းကလို မိမိနဲ့ မကိုက်ညီသူကို စာရင်းမပေး၊ မိမိနှင့် ကိုက်ညီသူ၊ ဆွေမျိုးသားချင်းတွေကို စာရင်းတင်ပြပြီး ကယ်ဆယ်ရေး ပစ္စည်းတွေကို ဝေစုခံခိုင်းနေတုန်းပါပဲ။ ဒါတွေဟာ သိပ်အဝေးကြီးမှာ ရှိနေတာ မဟုတ်ပါဘူး။ အမှန်တကယ် ပြည်သူနှင့် အနီးစပ်ဆုံး နားစွင့်မိရင် သိလာရမည့် အကြောင်းတွေပါ။ ဂီရိတုန်းက ခံခဲ့ရတာဆိုရင် ခုလက်ရှိ အစိုးရအဖွဲ့ဝင် လူကြီးများ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များလည်း အဲဒီအတွေ့အကြုံမျိုးကို တွေ့ကြုံခဲ့ကြဖူးတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်လိမ့်မယ်လို့ ယူဆပါတယ်။ ဒါကြောင့် တိုင်းပြည် သာယာအေးချမ်းစေဖို့အတွက် ပြည်သူထဲက ပြည်သူကိုယ်စားပြု ပုဂ္ဂိုလ်တွေအနေနဲ့ အနီးစပ်ဆုံးကို ကူညီမယ့်အလုပ်ဟာ အရေးကြီးဆုံးတာဝန်ဖြစ်ကြောင်း အသိပေး တင်ပြအပ်ပါတယ်။ ကျော်လင်း(ရောင်စုံ)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024