Home
မြန်မာသတင်း
မြန်မာအလုပ်သမားများ စိစစ်ရေးမှတ်ပုံတင်ရာတွင် ထိုင်းရွာသူကြီးက ငွေထောင်ချီ ကောက်ခံ
DVB
·
July 27, 2017
အထောက်အထားမဲ့ရွှေ့ပြောင်းအလုပ်သမားတွေအတွက် ထိုင်းအစိုးရက ဇူလိုင် ၂၄ မှ သြဂုတ် ၇ ရက်နေ့ထိ အလုပ်သမားစိစစ်မှတ်ပုံတင်သွင်းခြင်းတွေ အခမဲ့ လုပ်ပေးနေပေမယ့် ကန်ကျနပူရီခရိုင် ဆန်ခပူရီ မြို့နယ်ထဲမှာ ရွာသူကြီးနဲ့ အပေါင်းပါတွေက ဘတ်ငွေထောင်နဲ့ချီပြီး ကောက်ခံနေတယ်လို့ TNN 24 ထိုင်းတီဗွီသတင်းက ဇူလိုင် ၂၄ ရက်မှာ ထုတ်လွှင့်သွားပါတယ်။ ဒီမတိုင်ခင် ပြီးခဲ့တဲ့ ဇူလိုင်လ ၁၄ ရက်နေ့က ဆန်ခပူရီမြို့နယ် ဆဖန်းရန်းဒီးတံတားထိပ်မှာ တာဝန်ရှိသူတွေက မြန်မာအလုပ်သမား ၉ ဦးထံကနေ ၈၉/၁ စာအမှတ်ပါ စိစစ်ရေးလက်မှတ်တွေ စစ်ဆေးတွေ့ရှိခဲ့ပြီး သတင်းထောက်က ကွင်းဆက်တွေ လိုက်လံဖော်ထုတ်ရာမှာ ရွာသူကြီးနဲ့ အပေါင်းပါက ငွေယူပြီး လုပ်ဆောင်ပေးနေတာ တွေ့ရှိရတယ်လို့ ဆိုပါတယ်။ ကာယကံရှင်အလုပ်သမားတွေက “အဆိုပါစိစစ်ရေးလက်မှတ်တွေရှိရင်  နယ်မြေထဲမှာ နေ ထိုင်ခွင့်ရှိတယ်လို့ နောင်လူးကျေးရွာအုပ်စု နယ်မြေ (၇) မှ ရွာသူကြီးက ပြောတဲ့အတွက် ငွေပေးပြီး လက်မှတ်လုပ်ခဲ့ကြောင်း၊ သူကြီးနဲ့ ဆက်သွယ်ဖို့ ကြားထဲမှာ အမျိုးသမီးတဦးက လူလိုက်စပ်ပေးကြောင်း၊ ရွာထဲမှာပဲ နေမယ်ဆိုရင် ဘတ်ငွေ တထောင်မှ ၂ ထောင်ထိပေးရပြီး မြို့ပေါ်တက် အလုပ်လုပ်မယ်ဆိုရင်တော့ ဘတ် ၃ ထောင်မှ ၄ ထောင်ထိ ပေးရတယ်”လို့ ဆိုပါတယ်။ ထိုင်းနိုင်ငံထဲမှာ နေထိုင်ခွင့်လက်မှတ်တွေ ထုတ်ပေးတော့မယ်ဆိုတဲ့ သတင်းကြားသိရတဲ့ အတွက် မြန်မာဘက်ခြမ်းက မွန်နဲ့ မြန်မာတွေ အများအပြား ထိုင်းဘက်ခြမ်းကို ကူးလာပြီး လက်မှတ်လာလုပ်ကြတာကြောင့် အခုလိုသူကြီးတွေက ငွေတွေကောက်ခံရာမှာ ဘတ်ငွေ သန်းချီရနိုင်တယ်လို့  သတင်းထောက်က ခန့်မှန်းပြောဆိုပါတယ်။ ဒါပေမယ့် အဲဒီလက်မှတ်ဟာ ထိုင်းအစိုးရက လက်ရှိဆောင်ရွက်ပေးနေတဲ့  လုပ်ထုံးလုပ်နည်းတွေနဲ့ ကိုက်ညီမှုမရှိတဲ့အတွက် အကျိုးအကြောင်းသိရအောင် TNN 24 တီဗွီသတင်းထောက်က သက်ဆိုင်ရာ ရွာသူကြီး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊  မြို့နယ်ရဲစခန်းနဲ့  ခရိုင်ဝန်ဆီပါ သွားရောက် တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ နောင်လူးအုပ်စု နယ်မြေ (၇) မှ ရွာသူကြီးကတော့ သူ့အနေနဲ့ မြို့နယ်အုပ်ချုပ်ရေးရုံးရဲ့ ညွှန်ကြားချက်အရ နယ်မြေတွင်းရှိ လူတွေကို စိစစ်နေတာဖြစ်ကြောင်း၊ ငွေကြေးလက်ခံရယူခြင်း မရှိကြောင်း ငြင်းဆိုခဲ့ပါတယ်။ ရဲစခန်းကို သွားရောက်မေးမြန်းရာမှာ ရဲတပ်ဖွဲ့က ဒါဟာ အုပ်ချုပ်ရေးပိုင်းရဲ့ အလုပ်ပဲဖြစ်တယ်လို့ ဖြေဆိုပါတယ်။ မြို့နယ်ရုံး နဲ့ ခရိုင်ဝန်ကို သွားရောက်မေးမြန်းရာမှာတော့ ဒီကိစ္စ မှန်ကန်မှုရှိမရှိ စုံစမ်းစစ်ဆေးနေဆဲပဲလို့ ပြောပါတယ်။ လက်ရှိ ထိုင်းအစိုးရမှ ဖွင့်လှစ်ဆောင်ရွက်ပေးနေတဲ့ ၁၅ ရက်  အလုပ်သမားစိစစ်ရေးစခန်းမှာ အလုပ်သမားစိစစ်မှတ်ပုံတင်ခြင်းအတွက် အခမဲ့၊ စီအိုင်အစိမ်းရောင်စာအုပ်ဖိုး ဘတ် ၃၁၀၊ ဗီဇာကြေး ဘတ် ၅၀၀၊ ကျန်းမာရေးဆေးစစ်ခ ၅၀၀၊ ကျန်းမာရေးအာမခံခ ဘတ် ၅၀၀ နဲ့ အလုပ်သမားမှတ်ပုံတင်ကြေး ၅၅၀ စုစုပေါင်း ဘတ် ၂၃၆၀ ကုန်ကျမှာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024