သင်္ဃန်းကျွန်းစံပြ ဆေးရုံတွင် H1N1 လူနာ ၂ ဦးသေဆုံး
နော်နိုရင်း
·
July 27, 2017
ရန်ကုန် သင်္ဃန်းကျွန်းစံပြဆေးရုံကြီးမှာ H1N1 ရာသီပေါ်တုပ်ကွေးရောဂါနဲ့ ဆေးကုသမှုခံ ယူနေတဲ့ လူနာ ၂ ဦး သေဆုံးသွားကြောင်း ဆေးရုံအုပ် ဒေါက်တာအောင်ဆန်းမင်းက ဒီဗွီဘီကို ပြောပါတယ်။
သင်္ဃန်းကျွန်းစံပြဆေးရုံမှာ H1N1 နဲ့ တက်ရောက်ကုသနေတဲ့ လူနာ ၃ ဦးရှိပြီး ၂ဦးသေဆုံးသွားတာလို့ ပြောပါတယ်။
“ကျနော်တို့ဆေးရုံမှာ ကျနော်ပြောနိုင်တာကတော့ ၃ ယောက်တက်ပါတယ်။ သံသယလူနာ ၃ ယောက်စလုံးကို ကျနော်တို့စစ်ပါတယ်။ စစ်တဲ့အခါမှာ ၂ယောက်ဆုံးပါတယ်။ ဒီနေ့က တယောက်ပါ၊ မနေ့က တယောက်ပါ။ ”
သေဆုံးသူ နှစ်ယောက်ဟာ အသက် ၅ နှစ်အရွယ် ကလေးငယ် တယောက်နဲ့ အသက် ၃၄ နှစ် တဦးဖြစ်ကြောင်း ပြောပါတယ်။ သေဆုံးသူတွေဟာ ဘယ်ဒေသကလဲဆိုတာကိုတော့ ထုတ်ဖော်ပြောဆိုခြင်းမရှိသေးပါဘူး။
တစ်နိုင်ငံလုံးမှာ ဇူလိုင် ၂၆ ရက် ညနေပိုင်းအထိ Influenza A (H1N1) pdm 2009 - Positive စုစုပေါင်း လူနာ ၂ဝ ဦးရှိခဲ့ပြီး ၄င်းတို့အနက် ၃ ဦး သေဆုံးခဲ့တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။