ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်မှာ H1N1 ကူးစက်ခံရသူ ၄ ဦး ထပ်မံတွေ့ရှိ
သော်ဇင်မျိုး
·
July 26, 2017
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်မှာ H1N1 ကူးစက်ခံရသူ ၄ ဦးကို ဒီကနေ့ တွေ့ရှိခဲ့တယ်လို့ ဧရာဝတီတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးက ဒီဗွီဘီကို အတည်ပြု ပြောကြားပါတယ်။
လက်ရှိမှာတော့ ဖြစ်ပွားခဲ့တဲ့ လူနာတွေကို စောင့်ကြည့်ကုသမှုတွေ ပြုလုပ်ပေးနေတယ်လို့ ဆိုပါတယ်။
ဧရာဝတီတိုင်းဒေသကြီးမှာတော့ အသုတ်မြို့မှာ H1N1 လူနာ ၁ ဦးကို စတင်တွေ့ရှိခဲ့ပြီး ရန်ကုန်ဆေးရုံကြီးကို လွှဲပြောင်းခဲ့ပါတယ်။
ဖျာပုံမြို့မှာလည်း သံသယရှိ လူနာ ၂ ဦးကို တွေ့ရှိလို့ ရန်ကုန်ဆေးရုံကြီးကို လွှဲကုသစေခဲ့တာမှာ ၁ ဦးကတော့ သေဆုံးသွားပါတယ်။ ဒီကနေ့မှာတော့ ပုသိမ်မြို့နယ်မှာ ရောဂါကူးစက်ခံရတဲ့ လူနာ ၄ ဦး ထပ်မံတွေ့ရှိခဲ့တာပါ။
ရာသီတုပ်ကွေးကနေ ပြင်းထန်တဲ့အဆင့်ကို ရောက်ရှိတဲ့ အနေအထားမျိုး ဖြစ်တယ်လို့ ဆိုပါတယ်။
ကိုယ်ခံအားနည်းတဲ့သူတွေမှာ ဖြစ်ပွားတာဖြစ်ပြီး ရောဂါစစ်ဆေးတွေ့ရှိကြရင်လည်း စိတ်မပူကြဘဲ ဆေးကုသမှု ခံယူကြဖို့နဲ့ ကာကွယ်ရေးအနေနဲ့လည်း အပြင်က ပြန်လာပြီးတိုင်းမှာ လက်ဆေးကြဖို့နဲ့ လူထူထပ်တဲ့ နေရာတွေမှာ Mask ကို တပ်ကြဖို့ကိုလည်း ဝန်ကြီးက တိုက်တွန်းထားပါတယ်။