ကရင်ပြည်နယ်မြေယာခွန်ဥပဒေကြမ်း အတည်ပြု
DVB
·
July 26, 2017
ကရင်ပြည်နယ် မြေယာခွန်ဥပဒေကြမ်းကို ဇူလိုင် ၂၅ ရက်က ကရင်ပြည်နယ် လွှတ်တော်မှာ ဆွေးနွေးဆုံးဖြတ် အတည်ပြုပြဋ္ဌာန်းလိုက်ပါတယ်။
အတည်ပြုခဲ့တဲ့ မြေယာခွန်ဥပဒေကြမ်းအရ အခွန်နှုန်းထား ပြင်ဆင် ကောက်ခံရာမှာ လူထုကို ဝန်ထုပ်ဝန်ပိုးဖြစ်စေမှာ မဟုတ်ဘဲ ခေတ်မီနှုန်းထားအဖြစ် သတ်မှတ်ချင်တာ ဖြစ်တယ်လို့ ပြည်နယ်စီမံကိန်း ဘဏ္ဍာရေးနှင့်စည်ပင်သာယာရေး ဝန်ကြီး ဦးသန်းနိုင်က ဒီဗွီဘီကို ပြောပါတယ်။
“နှုန်းထားလေးတွေ နည်းနည်းပြင်လိုက်တယ်။ အရင်တုန်းက တစ်မတ်တို့၊ သုံးမတ်တို့ ဒါဟာလည်း ကျနော်တို့က ပိုပြီးတော့ ခေတ်မီတဲ့ နှုန်းထားလေးတွေနဲ့ လူထုကို ဝန်ထုပ်ဝန်ပိုး ဖြစ်စေမယ့်ဟာမျိုးတော့ မဟုတ်ပါဘူး။ ကျနော်တို့ သွားကောက်တဲ့ အခါကျတော့ စာရွက်ထဲမှာက သုံးမတ်လောက်ဖြစ်ပြီးတော့ ပေးရတဲ့အခါကျတော့ ၇၀၀၊ ၁၀၀၀ ပေးရတဲ့ဟာတွေလည်း ရှိရင်လည်း ရှိခဲ့မယ်။ အချိန်ကာလတခု ဖြတ်သန်းခဲ့ရတာကို။ အခုဟာကတော့ ကျနော်တို့က စနစ်တကျ ဒါလေးကို ပေးရတဲ့ဟာကို နှုန်းလေးတွေ သတ်မှတ်စေချင်တဲ့ သဘောဖြစ်တယ်”
ပြည်နယ်လွှတ်တော်မှာ ကရင်ပြည်နယ် မြေယာခွန်ဥပဒေကြမ်းကို သံတောင်ကြီး မဲဆန္ဒနယ်အမှတ် ၁ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစောလှမြင့်က ထောက်ခံတင်ပြရာ မြဝတီမဲဆန္ဒနယ် အမှတ် ၁ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအိုက်ကျန်ခမ်းက ထပ်ဆင့်ထောက်ခံတဲ့အတွက် မြေယာဥပဒေကြမ်း အတည်ပြုနိုင်ရန် ပြည်နယ်စီမံကိန်း ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေး ဝန်ကြီး ဦးသန်းနိုင်က အဆိုပြုတင်သွင်းရာ ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူးရေးနှင့်ဆည်မြောင်းဝန်ကြီးက ထောက်ခံခဲ့တဲ့အတွက် ပြည်နယ်လွှတ်တော်ရဲ့ အဆုံးအဖြတ်ကိုရယူပြီး မြေယာခွန်ဥပဒေကြမ်းကို အတည်ပြုကြောင်း ပြည်နယ်လွှတ်တော်က ကြေညာခဲ့ပါတယ်။
အဆိုပါ မြေယာဥပဒေကြမ်းမှာ အခန်း ၁၀ ခန်းနဲ့ ပုဒ်မပေါင်း ၃၀ ပါဝင်ပြီး ကရင်ပြည်နယ်ရဲ့ မြေခွန်အမျိုအစားအလိုက် ကောက်ကြီး/ကောက်လျင်ခွန်မှာ မြေမျိုးကြီး ၈ မျိုး၊ ကိုင်း/မုရင်းခွန်မှာ မြေမျိုးကြီး ၃ မျိုးပါဝင်ပြီး ယခင် အနည်းဆုံးမြေခွန် ၁ ကျပ် ၂၅ပြားကို ၃၀၀ ကျပ်၊ ယခင်အများဆုံး မြေခွန် ၅ ကျပ်ကို ၁၀၀၀ ကျပ် ပြောင်းလဲပြင်ဆင် အတည်ပြုခဲ့တယ်လို့ သိရပါတယ်။
သတင်း - ရဲမင်းခေါင်