ရွှေကျင်မြို့နယ်၌ ရေကြီးရေလျှံ ဖြစ်ပေါ်သဖြင့် ကျောင်း ၁၆ ကျောင်း ပိတ်ထားရ
DVB
·
July 26, 2017
ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံတာတွေ ဖြစ်ပေါ်နေတဲ့အတွက် ဇူလိုင်လ ၂၆ ရက်နေ့ထိ ကျောင်း ၁၆ ကျောင်းကို အရေးပေါ် ပိတ်ထားလိုက်တယ်လို့ မြို့နယ်ပညာရေးမှူးက ပြောပါတယ်။
မြို့နယ်ပညာရေးမှူး ဦးစိုးသိန်းက “ဒီကနေ့ထိတော့ ၁၆ ကျောင်းထိ ရှိသွားပြီပေါ့။ ရေက နည်းနည်းလေး ထပ်တိုးလာတဲ့အတွက်ကြောင့် နောက်ထပ် ကျောင်းစာရင်း ထပ်တက်လာဦးမလားတော့ မသိသေးဘူး။ ဘယ်နေ့ ပြန်ဖွင့်မလဲဆိုတာတော့ ရေကျတဲ့ အခြေအနေအပေါ်မှာ ကြည့်ပြီး ဖွင့်လို့ရနိုင်တဲ့ ကျောင်းတွေကို ဖွင့်သွားမှာပါ။ ရေအခြေအနေပေါ် ကြည့်ပြီးပေါ့”လို့ ပြောပါတယ်။
မိုးသည်းထန်စွာ ရွာသွန်းပြီး ရေတက်လာတဲ့အတွက် အနိမ့်ပိုင်းမှာရှိတဲ့ ရပ်ကွက်တချို့နဲ့ ကျေးရွာ တချို့မှာ အ.လ.က(ခွဲ)ကျောင်း ၃ ကျောင်း၊ အ.မ.က(မူလွန်)ကျောင်း ၁၂ ကျောင်း၊ အ.မ.က ကျောင်း ၁ ကျောင်း စတဲ့ကျောင်းတွေကို ပိတ်ထားလိုက်တာ ဖြစ်ပါတယ်။
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရွှေကျင်မြို့ပေါ်ရှိ ရပ်ကွက်တချို့နဲ့ ကျေးရွာတချို့မှာ ရေနစ်မြုပ်မှုဒဏ်ခံနေရပြီး ဒီကနေ့ထိ ရေးဘေးဒုက္ခသည် ၉၀၀ ကျော်လောက် ဘုန်းတော်ကြီးကျောင်းတွေမှာ ခိုလှုံနေရပြီး လူကယ်ပြန်က လာရောက် ထောက်ပံ့တာတွေ ပေးပေမယ့်လည်း လုံလောက်မှု မရှိတာကြောင့် ပရဟိတအဖွဲ့တွေ အလှူရှင်တွေရဲ့ ကူညီထောက်ပံ့မှုတွေ လိုအပ်နေကြတယ်လို့ သိရပါတယ်။
သတင်း၊ ဓာတ်ပုံ - နေလင်းထိုက်