Home
မြန်မာသတင်း
မုံရွာတွင် တရားမဝင် လောင်းကစားဂိမ်းဆိုင်ကို ဝင်ရောက်ဖမ်းဆီး
Aung Ko Latt
·
July 25, 2017
မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်၊ ဗိုလ်တေဇလမ်းပေါ် ဦးရဲလင်းအောင်၊ ဦးကျော်ကျော်ထွေးတို့ နေအိမ်မှာ မနေ့ညက အကောင်ဂိမ်းလောင်းကစားနေတယ်လို့ သတင်းအရ ရဲတပ်ဖွဲ့က သက်သေတွေနဲ့ အတူသွားရောက် ရှာဖွေဖမ်းဆီးခဲ့ပါတယ်။ မြို့နယ်ရဲတပ်ဖွဲ့မှူးက လောင်းကစားနေအိမ်ဝင်ရောက်ရှာဖွေ ဖမ်းဆီးခွင့်ဝရမ်း အမှတ် (၃၂/၂၀၁၇) အရ ရှာဖွေရာ အကောင်ဂိမ်းလောင်းကစားဒိုင် ရဲလင်းအောင်၊ ကျော်ကျော်ထွေး၊ ငွေလဲလှယ်ပေးသူ မသူဇာဝင်း၊ မဖြူဖြူသင်း၊ မဖြိုးဖြိုးနှင့် လောင်းကစားနေသူ ၁၃ ဦးတို့ကို ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ သက်သေခံပစ္စည်းတွေအဖြစ် လူ ၁၆ ဦး ဆော့ကစားရတဲ့ ခြင်္သေ့၊ ယုန်၊ မျောက်၊ ဆင်အရုပ်များပါ အပြာရောင် ဂိမ်းခုံတစ်ခု၊ လူ ၁၀ ဦးဆော့ရတဲ့ အလားတူ အစိမ်းရောင်ဂိမ်းခုံ တခု၊ လူ ၈ ဦး ဆော့ရတဲ့ အလားတူ အနီရောင် ဂိမ်းခုံတခု၊ လူ ၁၀ ဦး ဆော့ရတဲ့ အဝါရောင် ငါးမန်းဂိမ်းခုံ တခု၊ လူ ၁၀ ဦးဆော့ရတဲ့ အနက်ရောင်ငါးမန်းဂိမ်းခုံ တခု၊ စုစုပေါင်းဂိမ်းခုံ ၅ ခု၊ မော်တော်ဆိုင်ကယ်မျိုးစုံ ၂၁ စီး၊ ဟွန်ဒါဖစ် ကား ၁ စီးနဲ့ လောင်းကြေးငွေ  ၈၇၆၇၀၀ ကျပ်တို့ကို ဖမ်းဆီးရမိခဲ့ပါတယ်။ နယ်မြေစခန်းမှုး ရဲအုပ်ရဲအောင်က “ကျနော်တို့ကတော့ စီမံချက်အရရော၊ သတင်းပေး တိုင်ကြားမှုအရရော လောင်းကစားမှုတွေကို ရှာဖွေဖော်ထုတ် ဖမ်းဆီးနေတာပါ။ အနည်းဆုံး ၁ လကို လောင်းကစားမှု ၂ မှု ရှာဖွေဖမ်းဆီးရပါတယ်။ စီမံချက်အရပေါ့။ နှစ်ချုပ်ပြောရရင် တနှစ်လုံး အနည်းဆုံး လောင်းကစားမှု ၅၀ ကျော် ဖမ်းဆီးနိုင်ပါတယ်"လို့ ဒီဗွီဘီကိုပြောပါတယ်။ အခုဖမ်းဆီးရမိမှုနဲ့ပတ်သက်ပြီး နယ်မြေစခန်းမှုး ရဲအုပ်ရဲအောင်က တရားလိုပြုလုပ်ကာ လောင်းကစားပုဒ်မ ၁၃(က)/၁၄(က)တို့နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024