ကျိုက္ကော်ချောင်းအတွင်း အမျိုးသားအလောင်းတလောင်း တွေ့ရှိ

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ တောင်ကြားရပ်ကွက်၊ ဇောတိကချောင်းတံတားအနီးက ကျိုက္ကော်ချောင်းထဲမှာ ဇူလိုင် ၂၃ ရက်နေ့ မနက်ပိုင်းက အမည်မသိ အမျိုးသားတဦး ရေနစ်သေဆုံးခဲ့ပါတယ်။ ဖြစ်စဉ်မှာ ဇူလိုင်လ ၂၃ ရက်နေ့က သုဝဏ္ဏဝတီမြို့၊ တောင်ကြားရပ်ကွက်၊ ဇောတိကချောင်းတံတားအနီး၊ အကျယ် ၁၂ ပေ၊ အနက် ၆ ပေခန့်ရှိ ကျိုက္ကော် တောင်ကြားချောင်းထဲမှာ တောင်ကျရေနဲ့အတူ ဘယ်နေရာက မျောပါလာမှန်း မသိရတဲ့ လူသေအလောင်း တလောင်း တွေ့ရှိရတယ်လို့ သတင်းပေးမှုကြောင့် သိမ်ဆိပ်နယ်မြေရဲစခန်းတာဝန်ရှိသူတွေ၊ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက သွားရောက်စစ်ဆေး ဆယ်ယူခဲ့ပါတယ်။ အလောင်းဆယ်ယူရာမှာပါဝင်သူတဦးဖြစ်တဲ့ ဝင်းပကျေးရွာနေ ဒေသခံတဦးဖြစ်သူ ခွန်ကျော်ဇင်က “ချောင်းထဲမှာ ရေလာချိုးတဲ့သူက လူသေအလောင်းကို တွေ့လို့ ဘုန်းကြီးကို သွားလျှောက်တော့ ဘုန်းကြီးက ကျနော့်ကို ဖုန်းဆက်ခေါ်တယ်။ ကျနော် ရောက်သွားတော့ အလောင်းက မှောက်လျက်အနေအထားနဲ့ သစ်ကိုင်းမှာ ငြိနေတာပါ။ ဒါနဲ့ ရဲကို ဖုန်းဆက် အကြောင်းကြားပြီး ကျနော်ကိုယ်တိုင် ရေထဲဆင်းဆယ်ခဲ့တာပါ” လို့ ပြောပါတယ်။ ဆယ်ယူခဲ့တဲ့ အလောင်းဟာ ဝင်းပကျေးရွာ၊ ဒညင်းကုန်းပိုင်းနေသူ စောကူ(၃၀-နှစ်) ဖြစ်ပြီး ချောင်းအတွင်း ရေနစ်သေဆုံးကာ ခြေလက်တွေ ပဲရေခွံတွန့် ပုပ်ပွသေဆုံးနေတာ ဖြစ်ပါတယ်။ အလောင်းကို ဆယ်ယူပြီးနောက် သိမ်ဆိပ်တိုက်နယ်ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ရေနစ်သေဆုံးသူ စောကူဟာ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်၊ မဟုတ် စစ်ဆေးနေပြီး သိမ်ဆိပ်နယ်မြေရဲစခန်းက သေမှုသေခင်းအမှတ်စဉ် (၅/၂၀၁၇) နဲ့ အမှုဖွင့်လှစ်ထားတယ်လို့ ရဲမှတ်တမ်းများအရ သိရပါတယ်။ သတင်း - ယူမင်းစိုး

More News
Up