Sunday, June 11, 2023
HomeLead Storyနိုင်ငံတော်လုံခြုံရေး ရှုမြင်ချက်များဖြင့် မြန်မာအပေါ် လျှပ်တပြက် အကဲဖြတ်ခြင်း

နိုင်ငံတော်လုံခြုံရေး ရှုမြင်ချက်များဖြင့် မြန်မာအပေါ် လျှပ်တပြက် အကဲဖြတ်ခြင်း

 

နိုင်ငံတော်လုံခြုံရေး သို့မဟုတ် အမျိုးသားလုံခြုံရေး ဆိုသည်နှင့် ပတ်သက်၍ တကမ္ဘာလုံးက လက်ခံသည့်  တူညီသော အဓိပ္ပာယ်ဖွင့်ဆိုချက် မရှိသေး။ နိုင်ငံတိုင်းက မိမိတို့၏ လက်ရှိအခြေအနေပေါ် မူတည်၍ ရှုမြင်ပုံအယူအဆများမှာ အမျိုးမျိုးကွဲပြားခြားနား ကြသည်။  နိုင်ငံတော်လုံခြုံရေး ဆိုသည်မှာ မူလအားဖြင့် ပြင်ပ၏ စစ်ရေးအရ ခြိမ်းခြောက်ခံရမှုမှ ကင်းလွတ်ရေးနှင့် နိုင်ငံရေးအရ အတင်းအကြပ် ဖိအားပေးခံရခြင်းမှ ကင်းဝေးရေးဆိုသည့် အခြေခံအချက် နှစ်ချက်ကို ဆိုလိုခြင်းဖြစ်ပြီး၊ အချိန်နှင့်အမျှ တိုးတက် ပြောင်းလဲလာသော နောက်ပိုင်းအခြေအနေများအရ စစ်ရေးနှင့်မသက်ဆိုင်သော လုံခြုံရေးဆိုင်ရာကိစ္စများ၊ ဥပမာအားဖြင့် –  သံတမန်ရေးဆိုင်ရာ၊ စီးပွားရေးဆိုင်ရာတို့အပြင် စွမ်းအင်နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လုံခြုံရေးကိစ္စများကိုပါ ထည့်သွင်းစဉ်းစားလာကြသည်။

အမေရိကန်ပြည်ထောင်စုက လက်ခံထားသော နိုင်ငံတော်လုံခြုံရေး ဆိုသည်တွင် စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး ဆိုင်ရာလုံခြုံရေးများအပြင်၊ စွမ်းအင်နှင့် သဘာဝသယံဇာတ ဆိုင်ရာလုံခြုံရေး၊ ပတ်ဝန်းကျင်လုံခြုံရေးနှင့် ဆိုက်ဘာလုံခြုံရေး စသည်တို့ ပါဝင်သည်။ လုံခြုံရေးကို ခြိမ်းခြောက်သူများတွင် တိုင်းတပါးနိုင်ငံများကဲ့သို့ သမားရိုးကျ ရန်သူများသာမက နိုင်ငံအစိုးရ မဟုတ်သည့် အကြမ်းဖက်အဖွဲ့များ၊ မူးယစ်ဆေးဝါးဂိုဏ်းများ၊ နိုင်ငံစုံ ကော်ပိုရေးရှင်းကြီးများ၊ အစိုးရ မဟုတ်သော NGO များ၏ ခြိမ်းခြောက်မှုများကို လည်း ထည့်သွင်းထားသည်။ တချို့သောသူများက သဘာဝဘေးအန္တရာယ် ကျရောက်ခြင်းနှင့် ပတ်ဝန်းကျင်ကို ပြင်းထန်စွာ ထိခိုက်ပျက်စီးစေသည့် ဖြစ်ရပ်များကိုလည်း အမျိုးသားလုံခြုံရေး ခြိမ်းခြောက်သူစာရင်းတွင် ထည့်သွင်းစဉ်းစားသည်။

၁၉၉၀ ပြည့်နှစ်က ဟားဗတ်တက္ကသိုလ် သမိုင်းပါမောက္ခ ချားလ်စ် မာရီယာက “အမျိုးသားလုံခြုံရေး ဆိုတာ လူ့အဖွဲ့အစည်းတရပ်မှာရှိတဲ့ ပြည်သူလူထုက ကိုယ့်ကြမ္မာကို ဖန်တီးနိုင်ဖို့၊ ဒါမှမဟုတ် ကိုယ်ပိုင်အုပ်ချုပ်နှိုင်ဖို့နဲ့ ကြီးပွားချမ်းသာရေးတို့အတွက် လိုအပ်တယ်လို့ ယုံကြည်တဲ့၊ ပြည်တွင်းနဲ့ ပြည်ပ အခြေအနေတွေကို ထိန်းချုပ်နိုင်တဲ့ စွမ်းရည်လို့ အဓိပ္ပာယ်ဖွင့်ဆိုတာဟာ အသင့်တော်ဆုံးပါပဲ” ဟုဆိုခဲ့သည်။

  ဟာရိုးလ် ဘရောင်း(Harold Brown)၊ ဂျိုးဇက်ရွမ်း(Joseph J. Romm) နှင့် ပရာဗ်ဟာကရမ် ပလာရီ (Prabhakaran Paleri) တို့၏ အမြင်အယူအဆများကို အတိုချုပ်၍ ယူပီကာ ပရီမာရတ္တနီး(Upeka Premaratne) က အဓိပ္ပာယ်ဖွင့်ဆိုထားချက်မှာ တိုတိုနှင့် ထိထိမိမိရှိသည်။

“ရန်စကျူးကျော်သူများက အကြမ်းဖက်သည့်နည်း သို့မဟုတ် တရားမျှတမှုမရှိသည့် အကြောင်းများဖြင့် အမျိုးသားအကျိုးစီးပွားများကို ရည်ရွယ်ချက်ရှိရှိ ထိပါး နှောင့်ယှက်လာသည့် အခါ အချုပ်အခြာအာဏာ၊ နိုင်ငံနယ်နိမိတ် ဂုဏ်သိက္ခာ၊ နိုင်ငံသားများနှင့် တမျိုးသားလုံး၏လူမှုစီးပွားရေးဘဝ ပုံမှန်လည်ပတ်နိုင်ရေးတို့ကို ထိန်းသိမ်း ကာကွယ်စောင့် ရှောက်ခြင်း” ဖြစ်သည်ဟု ဆိုလေသည်။

အမျိုးသားလုံခြုံရေး၏ အခြေခံအချက်များ

အမျိုးသားအင်အားတွင် စစ်ရေးအရ လုံခြုံရေးမှာ အဓိကကဏ္ဍမှ ပါဝင်သည် မှန်သော်လည်း အမျိုးသားလုံခြုံရေးကိစ္စတွင်မူ စစ်ရေးအရ လုံခြုံရေးမှာ တခုတည်းသော အကြောင်းအချက် မဟုတ်ချေ။ တကယ်တမ်း လုံခြုံမှုရရန်အတွက် နိုင်ငံတော်တရပ်အနေဖြင့် တခြားသော လုံခြုံမှုပုံစံများ လိုအပ်သည်။ စစ်ရေးကဏ္ဍအပြင် သံတမန်ရေးကဏ္ဍ သို့မဟုတ် နိုင်ငံရေးကဏ္ဍ၊  စီးပွားရေးကဏ္ဍ၊ သဘာဝပတ်ဝန်းကျင်၊ စွမ်းအင်နှင့် သဘာဝသယံဇာတ စသည်တို့မှာ ယေဘုယျအားဖြင့် ထည့်သွင်း တွက်ချက်ရမည့်ကဏ္ဍများ ဖြစ်လေသည်။

စစ်ရေးလုံခြုံမှု

အစောဆုံးခေတ်ကာလများက အမျိုးသားလုံခြုံရေးဟု ဆိုလျှင် စစ်ရေးဆိုင်ရာ လုံခြုံရေးကို အသိအမှတ်ပြု ပြောဆိုခြင်း ဖြစ်သည်။ စစ်ရေးလုံခြုံမှု ဆိုသည်မှာ နိုင်ငံတနိုင်ငံအနေဖြင့် ပြည်ပ၏ စစ်ရေးအရ ကျူးကျော်စွက်ဖက်မှုကို ခုခံနိုင်စွမ်းကို ဆိုလိုသည်။ “စစ်ရေးလုံခြုံမှု” ဆိုသည့်စကားလုံးကို “လုံခြုံရေး” ဆိုသည့် စကားလုံးနှင့် အနက်တူ သုံးစွဲလေ့ရှိကြသည်။ မျက်မှောက်ကာလတွင် မြန်မာအနေဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် စစ်ရေးအရပဋိပက္ခ မရှိသေးသော်လည်း  ၎င်းတို့နှင့် မြန်မာအကြား ရန်မီးကူးစက်နိုင်သော ပြည်တွင်းမီးပွားကလေးများ ရှိနေသဖြင့် သတိကြီးစွာ ထားနေသင့်သလို၊ လုံလောက်သည့် စစ်အင်အား ရှိထားသင့်သည်။

နိုင်ငံရေး လုံခြုံမှု

နိုင်ငံရေးလုံခြုံမှု ဆိုသည်မှာ အမျိုးသားလုံခြုံရေး၏ အရေးကြီးသော အစိတ်အပိုင်း ဖြစ်သည်။ လူအဖွဲ့အစည်းတွင် အစီအစဉ်တကျဖြင့် တည်ငြိမ်အေးချမ်းမှု ရှိရေးကို ဆိုလိုသည်။ အထူးသဖြင့် နိုင်ငံ၏အချုပ်အခြာအာဏာ ပိုင်စိုးမှုကို ခြိမ်းခြောက်မခံရရေး ဖြစ်သည်။ ပြဿနာတက်တတ်သောအရာများမှာ၊ ပြည်ပနိုင်ငံများ၊ လူမျိုးများ၊ နိုင်ငံရေးအရ အရေးပါသော မျိုးနွယ်စုများ၊ လူနည်းစုတိုင်းရင်းသားများ၊ တချို့သော ဘာသာရေး အဖွဲ့အစည်းများ၊ ဥရောပသမဂ္ဂနှင့် ကမ္ဘာ့ကုလသမဂ္ဂကဲ့သို့သော နိုင်ငံစုံအဖွဲ့အစည်းများ စသည်တို့ ဖြစ်ကြသည်။ သံတမန်ရေးအရ စေ့စပ်ညှိနှိုင်းဆွေးနွေးခြင်းဖြင့် လည်းကောင်း၊ အခြားသော အပြန်အလှန် တုံ့ပြန်ဆောင်ရွက်မှုတို့ဖြင့် လည်းကောင်း အချင်းချင်းကြား ပြဿနာများကို ဖြေရှင်းရလေ့ရှိသည်။ မြန်မာနိုင်ငံအနေဖြင့် မျက်မှောက်ရင်ဆိုင်နေရသော အရှေ့မြောက်ဒေသပြဿနာနှင့် အနောက်ဘက်နယ်စပ်ဒေသ ပြဿနာများမှာ စစ်ရေးအရထက် နိုင်ငံရေးအရ ပိုမိုဇောင်းပေး ဖြေရှင်းရမည့်ပြဿနာများ ဖြစ်ပြီး နိုင်ငံရေး လုံခြုံမှုအပြည့်အဝမရှိသော အနေအထား ဖြစ်သည်။

စီးပွားရေးလုံခြုံမှု

သမိုင်းတွင် စစ်နိုင်သောနိုင်ငံများက လုယက်၊ အနိုင်အထက် ပြုကျင့်ခြင်းဖြင့် ချမ်းသာလာကြသည်။ သယံဇာတအရင်းအမြစ်များကို သိမ်းပိုက်ခြင်းဖြင့် အသိမ်းပိုက်ခံ တိုင်းပြည်၏ စီးပွားရေးကို ထိန်းချုပ်ကာ ကုန်သွယ်ရေးကို တိုးချဲ့လာသည်။ မျက်မှောက်ကာလတွင် နိုင်ငံတကာသဘောတူညီချက်များဖြင့်၎င်း၊ သဘာဝသယံဇာတများ ရရှိရေးအပေါ် အပြန်အလှန်အားထားမှီခိုရေးစာချုပ်များ ချုပ်ဆို၍၎င်း၊ နိုင်ငံတခု၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုကို ဖော်ဆောင်မည့် ပေါ်လစီတို့ကို လွတ်လပ်စွာ ရွေးချယ်ခြင်းဖြင့် နိုင်ငံတကာ ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှု စနစ်များကို ကျင့်သုံးကြသည်။ ဤနည်းဖြင့် စီးပွားရေး လုံခြုံမှုကို ရှာဖွေသည်။ ပစ္စုပ္ပန်ကာလ၏ စီးပွားရေးလုံခြုံမှု ဆိုသည်မှာ စစ်ရေးလုံခြုံမှုကဲ့သို့ပင် အမျိုးသားလုံခြုံရေး၏ အရေးကြီးသော အစိတ်အပိုင်းတရပ် ဖြစ်သည်။ နိုင်ငံသားများ၏ အလုပ်အကိုင် ဖန်တီးပေးရေးနှင့် အကာအကွယ်ပေးရေးသည် အမျိုးသားလုံခြုံရေးတွင် အရေးကြီးသည်။ တတိယကမ္ဘာ့နိုင်ငံများအနေဖြင့် သူတို့၏ နိုင်ငံသားများကို အပြည့်အဝ အလုပ်အကိုင်ဖန်တီးမပေးနိုင်သဖြင့် လုံခြုံမှု နည်းပါးသည်။ အရှေ့တောင်အာရှဒေသအတွင်း မြန်မာနိုင်ငံသည် မိမိနိုင်ငံသားများကို အလုပ်အကိုင် အခွင့်အလမ်း မဖန်တီးပေးနိုင်ဆုံးနိုင်ငံ ဖြစ်နေသေးသည်။

သဘာဝပတ်ဝန်းကျင်လုံခြုံရေး

အမျိုးသားလုံခြုံရေးကို တနည်းနည်းဖြင့် ခြိမ်းခြောက်သည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စများကို သဘာဝပတ်ဝန်းကျင် လုံခြုံရေးအဖြစ် ယူဆသည်။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အဖြစ်အပျက်အားလုံးကို ခြိမ်းခြောက်မှုအဖြစ် မသတ်မှတ်နိုင်သော်လည်း တကမ္ဘာလုံးကိုရော၊ ဒေသဆိုင်ရာကိုပါ ရိုက်ခတ်သည့် ပြဿနာများမှာ အမျိုးသားလုံခြုံရေးအပေါ် သက်ရောက်မှုရှိသည်။ ဥပမာ… ရာသီဥတု ပြောင်းလဲခြင်း၊ ကမ္ဘာလုံးဆိုင်ရာ ပူနွေးလာမှု၊ သစ်တောပြုန်းတီးမှု၊ သက်ရှိ ဇီဝမျိုးကွဲများ ပျောက်ကွယ်လာမှု စသည်တို့ ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် ဈေးကွက်စီးပွားရေးစနစ် စတင်ကျင့်သုံးသည့်အချိန်ကစ၍ အလွန်အကျွံ သစ်ခုတ်ခြင်း၊ သတ္တုတူးဖော်ခြင်း စသည်တို့ကြောင့် သစ်တောများ ပြုန်းတီးခြင်း၊ မြစ်ရေကြီး ရေလျှံဖြစ်ခြင်း၊ လေမုန်တိုင်းဒဏ် ခံရခြင်း စသည့် ခြိမ်းခြောက်မှုများ ရှိလာနေသည်။

စွမ်းအင်နှင့် သဘာဝသယံဇာတ လုံခြုံရေး

သဘာဝသယံဇာတ ဆိုသည်တွင် ရေ၊ စွမ်းအင်အရင်းအမြစ်များ၊ ကုန်းမြေနှင့် ဓာတ်သတ္တုများ စသည်တို့ ပါဝင်သည်။ နိုင်ငံတနိုင်ငံအဖို့ စက်မှုလုပ်ငန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန်အတွက် လုံလောက်သော သဘာဝအရင်းအမြစ်များ ရရှိရန် အရေးကြီးသည်။ သယံဇာတအရင်းအမြစ် ချို့တဲ့ခြင်းကြောင့် ဂျပန်အနေဖြင့် အင်အား ကြီးထွားရေးအတွက် အခက်အခဲများ ရှိနေရာ စိန်ခေါ်မှုများရှိသလို စင်ကာပူသည်လည်း ကြီးမားသည့် အခက်အခဲရှိသည်။ ၁၉၉၁ ခုနှစ်က ဖြစ်ပွားခဲ့သော ပါရှန်ပင်လယ်ကွေ့စစ်ပွဲတွင် အီရတ်က ကူဝိတ်ကို တိုက်ခိုက်ခြင်းမှာ ရေနံတွင်းများကို သိမ်းပိုက်လိုခြင်းကလည်း အကြောင်းတကြောင်း ဖြစ်သည်။ အိန္ဒိယနှင့် ပါကစ္စတန်တို့ အငြင်းပွား အချင်းများနေကြခြင်းတွင် ရေအရင်းအမြစ်ခွဲဝေ အသုံးချရေးပြဿနာလည်း ပါဝင်သည်။ မြန်မာနိုင်ငံသည် ဒေသတွင်းတွင် သဘာဝသယံဇာတ ပေါကြွယ်သော နိုင်ငံဖြစ်သလို၊ ပထဝီအရလည်း အချက်အချာကျသည့် အနေအထား ဖြစ်သည်။ သို့ဖြစ်၍ ဤအချက်က အားသာချက်ဖြစ်သလို ဤအချက်ကြောင့်ပင်လျှင် အင်အားကြီးနိုင်ငံတို့၏ အားပြိုင်ရာ စစ်မျက်နှာ ဖြစ်လာတတ်သဖြင့် ကြီးစွာ သတိထားသင့်လှသည်။

ကမ္ဘာ့နိုင်ငံများသည် ၎င်းတို့ လိုအပ်သော သဘာဝသယံဇာတ လုံခြုံရေးအတွက် အင်အား သုံးခြင်းဖြင့်သော် လည်းကောင်း၊ ဆွေးနွေးညှိနှိုင်းခြင်းဖြင့်သော်လည်းကောင်း၊ အရောင်းအဝယ် ပြုခြင်းဖြင့် သော်လည်းကောင်း ဖြေရှင်းကြသည်။

ဆိုက်ဘာ လုံခြုံရေး

မကြာသေးသောကာလများက စတင်၍ ဆိုင်ဘာလုံခြုံရေးကို အမျိုးသားလုံခြုံရေးကိစ္စ တရပ်အဖြစ် ရှုမြင်လာကြသည်။ အမျိုးသားလုံခြုံရေးကို ထိန်းသိမ်းကာကွယ်ရန် နိုင်ငံတိုင်းအတွက် အီလက်ထရောနစ် သတင်းပြန်ကြားရေးစနစ်မှာ အရေးကြီးသည်။ အစိုးရ၏ ဆက်သွယ်ရေးဆိုင်ရာကွန်ရက်ကို အခြားအစိုးရတရပ်ရပ်က ဖြစ်စေ၊ အစိုးရ မဟုတ်သော လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတရပ်ရပ်က ဖြစ်စေ ကြားဖြတ်ဖောက်ယူခြင်း၊ နှောင့်ယှက်ခြင်းဖြင့် နိုင်ငံရေး၊ စီးပွားရေးနှင့် စစ်ရေးလုံခြုံမှုကို ဆိုးရွားစွာ ထိခိုက်စေနိုင်သည်။

အမေရိကန်ပြည်ထောင်စုတွင် ပြီးခဲ့သည့် ၂၀၁၆ ရွေးကောက်ပွဲကာလက ဒီမိုကရက်တစ်ပါတီ၏ အတွင်းသတင်းများကို ရုရှားနိုင်ငံက ကြားဖြတ်ဖောက်ယူကာ ရွေးကောက်ပွဲတွင် ၎င်းတို့ နိုင်စေလိုသော ဒေါ်နယ်ထရမ့်ကို ကူညီခဲ့သည်ဆိုသည့် စွပ်စွဲချက်များ လူသိရှင်ကြား ပေါ်လာခဲ့ပြီး၊ ရုရှားသံတမန်များကို အမေရိကန် အိုဘားမားအစိုးရက နှင်ထုတ်ခဲ့သည်။

သမ္မတအိုဘားမားက “ဆိုက်ဘာခြိမ်းခြောက်မှုဟာ နိုင်ငံတော်တရပ်ရဲ့ စီးပွားရေးနဲ့ အမျိုးသားလုံခြုံရေးကို ဆိုးဆိုးဝါးဝါး ဒုက္ခအပေးနိုင်ဆုံး စိန်ခေါ်မှုများထဲက တချက် ဖြစ်လာနေပါပြီ။ ၂၁ ရာစုအတွင်း အမေရိကန်ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ခြင်းဟာ ဆိုက်ဘာ လုံခြုံရေး ရှိမှု၊ မရှိမှုအပေါ် မူတည်နေပါလိမ့်မယ်” ဟုကြေညာသွားခဲ့လေသည်။

မြန်မာနိုင်ငံအနေဖြင့်မူ အစိုးရယန္တရားက အီလက်ထရောနစ် ဆက်သွယ်ရေးကွန်ရက်ကို ကောင်းစွာ အသုံးမချနိုင်သေး။ E-Government ဖြစ်ရန် အချိန်လိုဦးမည်။

နိုင်ငံတွင်းရှိ ပုဂ္ဂလိကဘဏ်စနစ်များတွင် စတင်ကျင့်သုံးသည်မှာလည်း မကြာလှသေးချေ။ သို့သော် ATM စက်များတွင် တရားမဝင်ကြားဖြတ် ငွေခိုးယူမှုများ စတင်ရှိလာနေပြီဖြစ်သည်။ သို့ဖြစ်၍ E-Government စနစ်ဖော်ဆောင်သည့် တပြိုင်နက်တည်းမှာပင် ဆိုက်ဘာလုံခြုံရေး အတွက် ကြိုတင်ပြင်ဆင်ထားသင့်လှပေသည်။

ရဲထွန်း (သီပေါ)

ကိုးကား : Wikipedia အွန်လိုင်းစွယ်စုံကျမ်း                                                            

RELATED ARTICLES
- Advertisment -
Google search engine

Most Popular