Live
Home
မြန်မာသတင်း
အခြေခံပညာကျောင်းများတွင်စိုက်ပျိုးရေးသင်မည်ဟု တောင်သူလယ်သမားနေ့ မှာ ဦးသိန်းစိန်ပြောကြား
ရွှေအောင်
·
March 2, 2012
အခြေခံပညာကျောင်းတွေမှာ စိုက်ပျိုးရေးဘာသာရပ်တွေကို သင်ကြားပေးမှာ ဖြစ်တယ်လို့ သမ္မတ ဦးသိန်းစိန်က မတ်လ ၂ ရက် တောင်သူလယ်သမားနေ့ အထိမ်းအမှတ် သ၀ဏ်လွှာမှာ ပြောကြားလိုက်ပါတယ်။ အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းတွေမှာ စိုက်ပျိုးရေးဘာသာ သင်ကြားပေးဖို့ ပညာရှင်တွေက အတန်းလိုက် ပြုစုရေးဆွဲထားပြီး​ဖြစ်ကြောင်းနဲ့ လာမယ့် ၂၀၁၂-၂၀၁၃ ပညာသင်နှစ်ကစပြီး ထိထိရောက်ရောက်​ သင်ကြားပေးနိုင်တော့မှာ​ ဖြစ်တယ်လို့ သမ္မတက ပြောပါတယ်။ သမ္မတရဲ့ သ၀ဏ်လွှာမှာ ပညာမရှိလို့ လယ်လုပ်တယ်ဆိုတဲ့ အယူအဆ အတွေး အခေါ်တွေ အစား ပညာတတ်ပြီး လယ်လုပ်တယ် ဆိုတဲ့ အယူအဆကိုလည်း ဖော်ပြထားပြီး လယ် သမားတွေရဲ့ လူနေမှုဘ၀တွေနဲ့ လယ်ယာကဏ္ဍ တိုးတက်ဖွံ့ဖြိုးလာအောင် ဆောင်ရွက်နေ တယ်လို့လည်း ဖော်ပြထားပါတယ်။ သမ္မတရဲ့ သ၀ဏ်လွှာပါ ဖော်ပြချက်တချို့နဲ့ လက်တွေ့မှာ တောင်သူလယ်သမားတွေရဲ့ အခြေအနေ ဘယ်လိုတွေ ရှိနေသလဲ ဆိုတာကို  စုစည်း တင်ဆက် ပေးထားပါတယ်။ ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်က လယ်သမားတဦး ဖြစ်တဲ့ ဦးစောမင်းခိုင်ကို တောင်သူ လယ်သမားတွေ ဘ၀ တိုးတက်မြင့်မားလာအောင် ဘာတွေ လုပ်ကိုင်ပေးဖို့ လိုအပ်လဲ ဆိုတာနဲ့ ပတ်သက်ပြီးမေးတော့ သူက ခုလို ပြောပါတယ်။ “လယ်သမားတွေရဲ့ ဘ၀တိုးတက်ဖို့ဆိုရင် အောက်ခြေထိ ဆင်းပြီးလုပ်ပေးမှ ရမယ်။ အပေါ်ကတမျိုး အောက်ကတမျိုး ဖြစ်နေတဲ့အတွက် လယ်သမားတွေရဲ့ ဘ၀က တိုးတက်မှု မရှိနိုင်သလို နစ်နာရပါတယ်။ သူတို့တွေရဲ့ ဘ၀တိုးတက်ဖို့ဆိုရင် အတိုးနည်းနည်းနဲ့ ငွေထုတ်ချေးပေးနိုင်ရင် အကောင်းဆုံးပဲ။ လယ်ဘယ်လောက် လုပ်လုပ် ၁၀ ဧကဖိုးပဲ ထုတ်ပေးနိုင်တယ်။ လုံလောက်မှု မရှိတော့ အပြင်ကနေ ချေးရတော့ အတိုးတွေနဲ့ လယ်သမားတွေ ပိတာပေါ့။ စိုက်ပျိုးရေးနဲ့ ပတ်သက်လို့ လယ်သမားတွေကို နည်းပညာအသစ်တွေ ဖြန့်ပေးဖို့လိုတယ်။ နည်းပညာတွေနဲ့ ငွေကြေးထောက်ပံ့တာတွေ လုပ်နိုင်ရင် လယ်သမားတွေရဲ့ ဘ၀က တိုးတက်လာမှာပါ။ သမ္မတရဲ့ သက်တမ်းကတော့ ၁ နှစ်ရှိသွားပြီ လယ်သမားတွေကတော့ ဘာမှ ဖြစ်မလာသေးဘူး။ အန်ဂျီအိုအဖွဲ့တွေက လုပ်ပေးတာတွေပဲ ရှိသေးတယ်။ သူတို့က နည်းပညာလေးတွေ ပေးတယ်။ လိုအပ်တာတွေ နည်းနည်းပါးပါး ပံ့ပိုးပေးတယ်။ အစိုးရအနေနဲ့ကတော့ ဘာမှ လုပ်ပေးတာ မရှိသေးဘူး။ လယ်သမားတယောက်အနေနဲ့ ပြောရင်မယ်ဆိုရင်တော့ လယ်ယာနဲ့ ပတ်သတ်တဲ့ ပစ္စည်းတွေ၊ စပါးကို အားဖြစ်စေသော အရာ တွေပေါ့။ ဒါတွေကို ဈေးနှုန်းချိုသာစွာနဲ့ ရောင်းပေးနိုင်မယ်ဆိုရင်တော့ အကောင်းဆုံးပဲ။” လယ်သမားတွေရဲ့ လိုအပ်ချက်တွေ ပြောတဲ့လူတိုင်းက အရင်းအနှီး လိုတယ်လို့ ဆိုကြပါတယ်။ သမ္မတဦးသိန်းစိန် လက်ထက်မှာ စိုက်ပျိုးစရိတ် ချေးငွေတွေ တိုးချေးပေးခဲ့ပါတယ်။ အရင် လယ် ၁ ဧက ကျပ် ၁ သောင်း ချေးပေးရာကနေ ၄ သောင်းထိ တိုးချေးပေးခဲ့ပါတယ်။ ဒါပေမယ့် လယ်သ မားတွေ အဆိုအရ လက်ရှိ လယ် ၁ ဧက ကုန်ကျစရိတ်က ကျပ်သိန်းဂဏန်း ရှိနေတာ ဖြစ်ပါတယ်။ စိုက်ပျိုးရေး နည်းပညာပိုင်း လိုအပ်ချက် ရှိတယ်လို့လည်း ပြောကြ ပါတယ်။ သမ္မတရဲ့ တောင်သူလယ်သမားနေ့ သ၀ဏ်လွှာမှာတော့ နည်းပညာတွေ ဖြန့်ဖြူးထားတာ အားရဖွယ် အခြေအနေတွေ တွေ့မြင်နေရတယ်လို့ ဖော်ပြထားပါတယ်။ စိုက်ပျိုးရေး နည်းပညာတွေ ဘယ်လိုရရှိနေကြပါသလဲဆိုတာကို နေပြည်တော် လယ်ဝေးမြို့က လယ်သမားကြီး တဦးကတော့ အချက် ၃ ချက်ကို ပြောပြပါတယ်။ “တောင်သူလယ်သမားတွေရဲ့ စီးပွားရေး တိုးတက်စေချင်ရင်၊ သီးနှံတွေ အထွက်တိုးချင်ရင် နံပါတ် ၁ နည်းပညာအသစ်ကို ကျနော်တို့ကို မျှဝေပေးပါ။ ၂ အချက်က အရင်းအမြစ်တွေ၊ ၃ အချက်က လုပ်အားပါ။ ဒါတွေပြည့်စုံရင် ဘယ် တောင်သူဖြစ်ဖြစ် ချမ်းသာမယ်။ နည်းပညာအသစ်က ပေးတဲ့နေရာ ဘယ်မှာရှိသလဲ၊ မြေစာရင်း တကယ်တတ်တဲ့ ပုဂ္ဂိုလ်တွေ ထွက်သွားကုန်ပြီ။ မိုးကျရွှေကိုယ်တွေ လာလွန်းလို့၊ နည်းပညာနဲ့ပတ်သက်လို့ အားနည်းသွားပြီ။ အရင်းအမြစ်ပေးပါ။ ၁ ဧကကို ဘယ်လောက်ပေးလဲ။ ၁ သောင်းပေးတယ်။ ကျနော့်မှာ အရင်က ၁၀ ဧကရှိတယ်။ ၁ သိန်းရတယ်။ အတိုးတွက်ပြီး တောင်းတာပဲ ရှိတယ်။ သူတို့ပြောတဲ့စကားက လယ်ရှိတာနဲ့ မရှိတာ မပြောနဲ့၊ စပါးထွက်၊ မထွက် မပြောနဲ့၊ ငွေ ၁ သိန်းကို ထုတ်သွားပြီးရင် အချိန်တန်ရင် ပြန်ပေးတဲ့။ လုပ်အားမှာလည်း ကျနော်တို့ တောင်သူတွေက ကိုယ့်လုပ်အားနဲ့ ကိုယ်လုပ်ကြတယ်။ အချက် ၃ ချက်ကိုမှ မကူညီပေးနိုင်ရင် စပါးမထွက်ဘူး။ နောက်တခုက စပါးမစိုက်ချင်တဲ့ တောင်သူကို စိုက်ချင်ရာ စိုက်ခိုင်း၊ အရေးအကြီးဆုံးအချက် ကျနော် ပြောမယ်။ (စပါး၊ ကြံ၊ နှမ်းနဲ့ ပြောင်း)အထွက်နှုန်းတွေကို စာရွက်ပေါ်မှာ အာပလာရေးပြီးတော့ ထွက်ပါတယ်လို့ လိမ်နေတာကို ယုံနေသမျှ ကာလပတ်လုံး ဘယ်တော့မှ အမှန်ကိုသိရမှာ မဟုတ်ဘူး။ သူတို့မှာ လယ်သမား သားသမီးတွေပါတယ်။ ဒါပေမယ့် တကယ်တမ်းကျတော့ မျက်စိမှိတ်ယုံနေတယ်။ ကျနော်တို့ မြန်မာနိုင်ငံရဲ့ စပါးအထွက်နှုန်း ကိန်းဂဏန်းတွေ (figure) အားလုံးက လိမ်ပြီးတော့ ကုလသမဂ္ဂတို့၊ စိုက်ပျိုးရေးတို့မှာ ဆုတွေယူခဲ့ဖူးပြီးပြီ။ လိမ်ပြီးတော့ယူတာ၊ ရှင်းရှင်းပြောရရင် လိမ်ပြီးယူနေသမျှ ကာလပတ်လုံး တိုင်းပြည်က စပါးအထွက်တွေ မတိုးတော့ဘူး။ အခုလည်း နည်းပညာတွေပေးမယ်လို့၊ စိုက်ပျိုးရေးနဲ့ ပတ်သက်တဲ့ ဘာသာရပ်ကို ကျောင်းတွေမှာ စတော့မယ်ဆိုတာ သိပ်နောက်ကျနေပြီ။ ကျောင်းတွေမှာ  ၁၀တန်းအောင်ချက်က  ၂၀ ရာခိုင်နှုန်း အောက်ရောက်ရင် အရေးယူမယ်ဆို တော့၊ ဆရာတွေက အရေအတွက်များများရအောင် ကျောင်းသူ/သားတွေကို ခိုးနည်းသင်ပေးတယ်။ ဒါပဲ။ အရည်အသွေးမှာ ပြောလို့မရတော့ဘူး။ အရေးကြီးတာ အရည်အသွေးပဲ၊ အရည်အသွေး တက်လာရင် ကျနော်တို့တိုင်းပြည်က ဆန်စပါးဖြစ်ဖြစ်၊ ဘာဖြစ်ဖြစ် အကုန်တိုးတက်လာမယ်။ တပ်မတော်၊ ဆရာဝန်၊ အင်ဂျင်နီယာပဲ ဖြစ်ဖြစ် အရည်အသွေးပဲ၊ အရည်အသွေးတိုးအောင် မလုပ်နိုင်သမျှ ကာလပတ်လုံး ဘယ်နေရာကနေ ဘယ်တော့မှ တိုးတက်မှာ မဟုတ်ဘူးလို့ ကျနော်ပြောချင်ပါတယ်။” လက်တွေ့ တောင်သူလယ်သမားတွေရဲ့ အခြေအနေတွေကို စုစည်းတင်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။ သမ္မတရဲ့ တောင်သူလယ်သမားနေ့ သ၀ဏ်လွှာမှာတော့ အရင့်အရင် ခေတ်တွေက သ၀ဏ်လွှာတွေမှာ ဖော်ပြလေ့ရှိတဲ့အတိုင်း နိုင်ငံတော်ရဲ့ ၇၀ ရာခိုင်နှုန်းသော တောင်သူလယ်သမားတွေရဲ့ လယ်ယာလုပ်ငန်းတွေ တိုးတက်အောင် ဦးစားပေး လုပ်ဆောင်နေပါတယ်လို့ ဖော်ပြထားပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024