ယူကေအခြေစိုက် Index အဖွဲ့ က အနုပညာလွတ်လပ်ခွင့်ဆုပေးဖို့ မြန်မာဒါရိုက်တာ တဦးကို ဆန်ခါတင်ရွေးချယ်

ကမ္ဘာတ၀န်း စာပေနဲ့ အနုပညာ လွတ်လပ်ခွင့်တွေကို အားပေးနေတဲ့  ဗြိတိန်နိုင်ငံ လန်ဒန် အခြေစိုက် Index အဖွဲ့ဟာ  မြန်မာနိုင်ငံက ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို ၂၀၁၂ လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့် ဆုအတွက် ဆန်ခါတင်စာရင်းမှာ ထည့်သွင်း ရွေးချယ် လိုက်ပါတယ်။ ဒါရိုက်တာမင်းထင်ကိုကိုကြီးဟာ​ ​မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဇန်န၀ါရီလက လွတ်လပ်ခြင်း အနုပညာရုပ်ရှင်ပွဲတော်​ ​ဖြစ်မြောက်အောင် ဦးဆောင်စီစဉ် ကျင်းပခဲ့သူ တဦးအနေနဲ့ ဒီဆုအတွက် လျာထားခြင်းခံရတာလို့ Index ဆုရွေးချယ်ရေး​ ​အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒီရုပ်ရှင်ပွဲတော်အတွက် လွတ်လပ်ခွင့်အကြောင်း ရုပ်ရှင် ဇာတ်လမ်းတိုတွေ ဖန်တီးဖို့ မြန်မာနိုင်ငံသားတွေကို ဖိတ်ကြားခဲ့ပြီး ရုပ်ရှင်ကားပေါင်း ၁၈၈ ကား ပြသခဲ့တယ်လို့ ဆိုပါတယ်။ ရန်ကုန်မှာ ထောင်ချီတဲ့လူတွေဟာ လွတ်လပ်ခြင်း (အနုပညာ၊ အတွေး၊ လွတ်လပ်ခွင့်) ဆိုတဲ့ ခေါင်းစဉ်တွေအောက်မှာ ဒီရုပ်ရှင်တွေကို ကြည့်ရှုခဲ့ကြတယ်လို့ ဆိုပါတယ်။ Index အဖွဲ့ဟာ နှစ်စဉ်ပေးအပ်တဲ့ လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့်ဆုကို  စာနယ်ဇင်းဆု၊ အနုပညာဆု၊ တီထွင်ကြံဆမှုဆု၊ ရှေ့ဆောင် လှုပ်ရှားမှုဆုဆိုပြီး အမျိုးအစား ၄ မျိုးခွဲပြီး ပေးအပ်မှာ ဖြစ်ပါတယ်။ အနုပညာ လွတ်လပ်ခွင့်အတွက် ရဲရဲဝံ့ဝံ့ ဆောင်ရွက်သူတွေနဲ့ ဖိနှိပ်မှု၊ တရားမမျှတမှု တွေကို  ဆန့်ကျင်တိုက်ပွဲဝင်တဲ့ အနုပညာရှင်တွေကို ချီးမြှင့်တဲ့ အနုပညာလွတ်လပ်ခွင့်ဆု အမျိုးအစား ဆန်ခါတင်စာရင်းမှာတော့ ဒါရိုက်တာ မင်းထင်ကိုကိုကြီး၊ တရုတ်နိုင်ငံက နာမည်ကျော် အနုပညာရှင် အိုင်ဝေေ၀၊ ဆီးရီးယား ကာတွန်းဆရာ အလီဖာဇတ်နဲ့ ရုရှား အနုပညာရှင် ဗိုင်အိုနာတို့ ၄ ဦး ပါဝင်ပါတယ်။ ဆုရရှိသူတွေကိုတော့ လာမယ့် မတ်လ ၂၈ ရက်နေ့ လန်ဒန်မြို့မှာ အခမ်းအနားနဲ့ ချီးမြှင့်မှာ ဖြစ်ပါတယ်။

More News
Up