ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်းဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ)ကနေ ပါတီဝင်အဖြစ်ကနေ နုတ်ထွက် လိုက်ပါတယ်။
ဇူလိုင် ၁၉ ရက်နေ့က တရားဝင် ထွက်ခွင့် တောင်းထားပြီး သူ့အနေနဲ့ တောင်သူ လယ်သမားအရေးနဲ့ပတ်သက်ပြီး လွတ်လွတ်လပ်လပ် လုပ်ဆောင်လိုတဲ့အတွက် အခုလို နုတ်ထွက်တာလို့ ဦးစိန်ဝင်းက ဒီဗွီဘီကို ပြောပါတယ်။
“ဘာကြောင့် နုတ်ထွက်လဲဆိုတော့ တောင်သူလယ်သမားရေးရာကိစ္စတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ချင်လို့ပါ။ ပါတီတွင်းပြဿနာကတော့ အလုပ်လုပ်ရင်းနဲ့ ပွတ်တိုက်မှုလေးတွေတော့ ရှိတာပေါ့။ ဒီဟာအပေါ်မှာတော့ အန်ကယ့်အနေနဲ့ သိပ်ကြီးကြီးကျယ်ကျယ်ကြီး မခံစားရပါဘူး။ ဒါပေမယ့် ရှေ့လုပ်ငန်းစဉ်မှာ အထူးသဖြင့်မတရား သိမ်းဆည်းခံရတဲ့ လယ်ယာမြေကိစ္စလေးတွေကို တောင်သူလယ်သမားတွေမှာ ကူညီဆောင်ရွက်မှု အားနည်းနေတာပေါ့။ အဲဒါတွေကို အန်ကယ်က ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးချင်တယ်။ နောက်အသိပညာ၊ နည်းပညာတွေလည်း မြို့နယ်တိုင်း၊ မြို့နယ်တိုင်း ဟောပြောချင်လို့ လွတ်လပ်စွာဆောင်ရွက်နိုင်အောင် ပါတီကနေ ထွက်လိုက်တာပါ။ ”
ဇူလိုင် ၁၉ ရက်နေ့က ထွက်ခွင့်တောင်းထားပြီးဖြစ်ပေမယ့် ပါတီဘက်ကတော့ အခုချိန်ထိ တရားဝင်ထွက်ခွင့်ပြုတယ်ဆိုတဲ့ တရားဝင်စာ မရောက်သေးဘူးလို့လည်း ပြောပါတယ်။
ပါတီဝင်အဖြစ်ကနုတ်ထွက်ပေမယ့် တသီးပုဂ္ဂလ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ ဆက်လက်ရပ်တည် ထမ်းဆောင်ဦးမယ်လို့ သိရပါတယ်။
မအူပင်အမတ် ဦးစိန်ဝင်း၊ မြောင်းမြအမတ် ဒေါက်တာစိုးမိုးသူနဲ့ ရွှေပြည်သာအမတ် ဦးဉာဏ်လင်းတို့ကို ပါတီတာဝန်ကနေ ရုပ်သိမ်းကြောင်း ၂၀၁၆ နိုဝင်ဘာ ၂၆ ရက်မှာ အန်အယ်လ်ဒီပါတီက ကြေညာထားပါတယ်။