လွှတ်တော်တက်နေတဲ့ ရခိုင်အမတ်တဦး နေပြည်တော်မှာ ရုတ်တရက် ကွယ်လွန်

7.6K
ရခိုင်အမျိုးသားတိုးတက်ရေးပါတီ မင်းပြားမြို့နယ် ပြည်သူ့လွှတ်တော် ဦးအောင်စိန်သာ(အသက် ၇၅ နှစ်) ဟာ မနေ့ည ၇ နာရီက နေပြည်တော်ဆေးရုံမှာ နှလုံးရောဂါနဲ့ ကွယ်လွန်သွားတာလို့ ပါတီဝင်က ပြောပါတယ်။
သူဟာ နေပြည်တော် လွှတ်တော်အစည်းအဝေး တက်ရောက်ဖို့ သွားရောက်ရင်း နာမကျန်းဖြစ်ပြီး နေပြည်တော်ဆေးရုံမှာ တက်ရောက်ကုသရင်း ကွယ်လွန်သွားတာလို့ ပါတီထိပ် တန်းခေါင်းဆောင်တဦးဖြစ်တဲ့ ဦး ဦးလှစောက ပြောပါတယ်။ သူ့ရုပ်ကလာပ်ကိုတော့ ဒီနေ့ ရန်ကုန်ကို သယ်ယူပြီး ရေဝေးသုသာန်မှာ ထားရှိပါတယ်။
ကွယ်လွန်သူ လွှတ်တော်အမတ် ဦးအောင်စိန်သာဟာ ၁၉၆၂ ကျောင်း သားအရေးအခင်းမှာ ရခိုင်ကျောင်းသားခေါင်းဆောင်တဦး အဖြစ်ပါဝင်ခဲ့ပြီး ကျောင်းသား အရေးအခင်း အပြီးမှာ ကျောင်းထုတ်ခံခဲ့ရဖူးပါတယ်။ ကျောင်းပြန်တက်ခွင့် ရပြီးနောက်ပိုင်း ရခိုင်အမျိုးသားလှုပ်ရှားမှုမှာ ပါဝင်ပြီး ရခိုင်ကွန်မြူနစ်ပါတီမှာ လက်နက်ကိုင် တောခိုခဲ့ဖူးပါတယ်။ တောခိုပြီး ပြန်ဝင်တဲ့အချိန် ၁၉၇၆ ခုနှစ်မှ နိုင်ငံတော်ပုန်ကုန်မှုနဲ့ ထောင်ကျခံခဲ့ရပြီး ၁၉၈၀ မှာ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည် လွတ်မြောက်လာခဲ့ပါတယ်။
၁၉၉၀ ရွေးကောက်ပွဲ ကာလတုန်းကတော့ ရခိုင်အမျိုးသားဒီမိုကရေစီ တပ်ပေါင်းစုမှာ ဥက္ကဋ္ဌအဖြစ် လုပ်ဆောင်ခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲမှာတော့ ရခိုင်အမျိုးသားတိုးတက်ရေးပါတီ မင်းပြားမြို့နယ်မှာ အရွေးခံရပြီး ပြည်သူ့လွှတ်တော် အမတ်တဦး ဖြစ်လာခဲ့တာပါ။