YBS ယာဉ်လိုင်းများ Cash Box တပ်ဆင်ရန် ဇူလိုင်လကုန်ထိ အချိန်ထပ်ပေး
အာကာ
·
July 21, 2017
YBS ယာဉ်လိုင်းတွေမှာ Cash Box တပ်ဆင်ဖို့ အချိန်အခက်အခဲကြောင့် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ YRTA က ဇူလိုင်လကုန်အထိ အချိန်ထပ်ပေးထားတယ်လို့ ရန်ကုန်မြို့ပြသယ်ယူပို့ဆောင်ရေး အများပိုင်ကုမ္ပဏီရဲ့ အုပ်ချုပ်မှုဒါရိုက်တာ ဦးမောင်မောင်လွင်က ဒီဗွီဘီကို ပြောပါတယ်။
ရန်ကုန်မြို့မှာပြေးဆွဲနေတဲ့ YBS ကားအားလုံးကို ဇူလိုင်လ ၂၀ ရက်နေ့ နောက်ဆုံးထားပြီး စပယ်ယာမပါ Cash Box တပ်ဆင်ပြေးဆွဲဖို့ YRTA က ဇူလိုင်လ ဒုတိယပတ်က ညွှန်ကြားထားတာပါ။
ကားစီးရေ ၁၄၀၀ ဝန်းကျင် ပြေးဆွဲနေတဲ့ ရန်ကုန်မြို့ပြသယ်ယူပို့ဆောင်ရေး အများပိုင်ကုမ္ပဏီရဲ့ အုပ်ချုပ်မှုဒါရိုက်တာ ဦးမောင်မောင်လွင်က “တပ်ဆင်ဖို့ ညွှန်ကြားချိန်နဲ့ဆိုရင် အချိန်မလုံလောက်ဘူး။ ပြီးတော့ ကျနော်တို့ ကုမ္ပဏီက သုံးတဲ့ Cash Box တွေဆိုရင် ပြည်ပက မှာထားတာ။ အချိန်မီရောက်ဖို့ အခက်ခဲ ရှိတယ်။ အဲဒီအတွက် YRTA က ဇူလိုင်လကုန်အထိ အချိန် ၁၀ ရက် ထပ်တိုးခွင့်ပြုထားတာပါ။ Cash Box တွေက ဆက်တိုက် တပ်နေပါတယ်။ ပြီးတဲ့ကားက ပြီးသလို စပယ်ယာမပါဘဲ ပြေးဆွဲမှာပါ။ ဒီနေ့ဆိုရင် ကျနော်တို့ကုမ္ပဏီက ပြေးဆွဲတဲ့ YBS 7/YBS 4 တွေမှာ Cash Box တွေ တပ်မှာပါ”လို့ ဒီဗွီဘီကို ပြောပါတယ်။
လက်ရှိမှာတော့ ရန်ကုန်မြို့မှာ YBS ယာဉ်လိုင်း ၉၀ ကျော် ကားစီးရေ ၄၀၀၀ ဝန်းကျင် ပြေးဆွဲနေပါတယ်။