တရားဥပဒေစိုးမိုးရေးနဲ့ သာသနာတော်သန့်ရှင်းရေးအတွက်ဟုဆိုကာ ပဲခူးမြို့တွင်းက နေရာ ၅ ခုခန့်မှာ လွန်ခဲ့တဲ့ရက်ပိုင်းက စာရွက်တွေ လိုက်လံဝေငှသူတွေကို ပဲခူးတိုင်းရဲမင်းကြီးက ခေါ်ယူမေးမြန်းပြီး ရဲတပ်ဖွဲ့နဲ့  ပူးပေါင်းဆောင်ရွက်ဖို့ မေတ္တာရပ်ခံလိုက်ပါတယ်။
ပဲခူးမြို့ ၇ ရပ်ကွက်နေ ကိုကြည်ဝင်းနဲ့ လမ်းပြကြယ်အဖွဲ့ခေါင်းဆောင် ဦးအေးမြင့်တို့ နှစ်ဦးကို ပဲခူးတိုင်းရဲမင်းကြီးက ရဲမင်းကြီးရိပ်သာမှာ မနေ့ နေ့ခင်းက ခေါ်ယူတွေ့ဆုံရာမှာ မေတ္တာ ရပ်ခံလိုက်တာလို့ ကိုကြည်ဝင်းက ပြောပါတယ်။
ကိုကြည်ဝင်းက “တရားဥပဒေစိုးမိုးရေးနဲ့ သာသနာသန့်ရှင်းရေးအတွက်ဆိုပြီး ကျနော်တို့ လက်ကမ်းစာရွက်လေးတွေ ဝေတယ်လေ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ရဲမင်းကြီးက ခေါ်တွေ့တယ်။ ၀န်ကြီးချုပ်ညွှန်ကြားချက်အရ ကျနော်တို့လုပ်တဲ့ ကိစ္စလေးက ဗွီဒီယိုခွေလေးပါ သူတို့ဆီ ရောက်သွားတယ်။ ဒါကို အပြန်ပြန်အလှန်လှန် လေ့လာသုံးသပ်ပြီးတော့ အမှုတွဲတွေနဲ့ ပတ်သက်ပြီးတော့ ကျနော်တင်ပြထားတာတွေ အားလုံးကို သူတို့က သဘောကျတယ်။ တရား ဥပဒေစိုးမိုးရေးနဲ့ သာသနာသန့်ရှင်းရေးအတွက် ရည်ရွယ်လုပ်ဆောင်တယ်ဆိုတာကို သူတို့ သိလည်း သိတယ်။ ကျနော့်တင်ပြချက်တွေကလည်း ကောင်းမွန်တဲ့အတွက် သူတို့ လက်ခံတယ်။ နောက်တခါတော့ ဒီလိုမျိုးကြီး အရမ်းအရမ်းမလုပ်ပါနဲ့လို့။ သူတို့ကိုလာပြီးတော့ တိုင်ပင်နှီးနှောပြီးမှ ပူးပေါင်းဆောင်ရွက်မှု လုပ်ပါဆိုပြီးတော့ သူတို့က ကျနော်တို့ကို မေတ္တာရပ်ခံတာ။ သူပြောတာက ခြိမ်းခြောက်တာလည်း မဟုတ်ပါဘူး။ တားမြစ်တာလည်း မဟုတ်ပါဘူး။ မေတ္တာရပ်ခံတဲ့ သဘောပါ။”
ရဲမင်းကြီးရည်ညွှန်းတဲ့ ကိုကြည်ဝင်း ရိုက်ကူးဖြန့်ဝေတဲ့ ဗွီဒီယိုခွေမှာ သာသနာနွယ်ဝင် ၁ ဦးက မာတုဂါမ(အမျိုးသမီး)နဲ့ ပတ်သက်နေတာကို မိသားစုအပါအ၀င် ရပ်မိရပ်ဖတွေရဲ့ ပြောဆိုချက်တွေကို ရိုက်ကူးထားတာတွေ လည်း ပါဝင်ပါတယ်။
မတ် ၁ ရက်နေ့ခင်းပိုင်း ၂ နာရီကြာ တွေ့ဆုံမှုမှာ ခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်သာသနာရေးမှူးနဲ့ တိုင်းဥပဒေအကြံပေး အရာရှိတွေပါ တက်ရောက်ကြတယ်လို့ ဆိုပါတယ်။