လျူရှောင်ဘို အောက်မေ့ဖွယ် အထိမ်းအမှတ်ပွဲ ဟောင်ကောင်တွင် ပြုလုပ်

ဓာတ်ပုံ - SCMP
နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် တရုတ်အစိုးရဆန့်ကျင်သူ လျူရှောင်ဘိုအတွက် အောက်မေ့ဖွယ် အထိမ်းအမှတ်ပွဲကို ဟောင်ကောင်မှာ ပြုလုပ်ခဲ့ရာ လူအများအပြား တက်ရောက်ခဲ့ကြပါတယ်။ ဇူလိုင် ၁၃ ရက်နေ့က အသည်းကင်ဆာနဲ့ ကွယ်လွန်သွားတဲ့ လျူရှောင်ဘိုအတွက် အောက်မေ့ဖွယ် အထိမ်းအမှတ်ပွဲကို ဟောင်ကောင်ဆိပ်ကမ်းမှာ ဇူလိုင် ၁၉ ရက် ညပိုင်းက ပြုလုပ်ခဲ့တာပါ။ ကွယ်လွန်ချိန်မှာ အသက် ၆၁ နှစ်ရှိပြီဖြစ်တဲ့ လျူရှောင်ဘိုဟာ တရုတ်နိုင်ငံရေးစနစ် ပြုပြင်ပြောင်းလဲဖို့ တိုက်တွန်းထားတဲ့ ချာတာ-၀၈ (Charter-08) အစီရင်ခံစာ ရေးသားရာမှာ ပါဝင်ကူညီခဲ့တဲ့အတွက် “နိုင်ငံတော်အာဏာကို ထိပါးနှောင့်ယှက်မှု” နဲ့ ၂၀၀၉ ခုနှစ်က ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံခဲ့ရသူ ဖြစ်ပါတယ်။ “တက်ရောက်လာတဲ့သူတွေကို အခွင့်အရေးပေးချင်လို့ပါ။ သူတို့ ပင်လယ်နားမှာ လမ်းလျှောက်ခွင့်ရဖို့၊ လျူရှောင်ဘိုအတွက် ပန်းစည်းပေးခွင့်ရဖို့ပါ။ ဒါမှ ကျနော်တို့ လျူရှောင်ဘိုကို တကယ်လေးစားတယ်ဆိုတာ ပြသနိုင်မှာပါ” လို့ တရုတ်နိုင်ငံမှာ ဒီမိုကရေစီထွန်းကားရေးကို အားပေးတဲ့အဖွဲ့ဖြစ်တဲ့ Hong Kong Alliance အဖွဲ့ရဲ့ ဒု-ဥက္ကဋ္ဌ ရစ်ချတ်ဆိုင်းက ပြောကြားသွားပါတယ်။ လျူရှောင်ဘို ကွယ်လွန်အပြီး သီတင်းတပတ်အကြာမှာလုပ်တဲ့ အထိမ်းအမှတ်ပွဲမှာ ကုလားထိုင်အလွတ်တလုံးနဲ့ အဲဒီအနောက်ဘက်မှာ လျူရှောင်ဘိုရဲ့ ဓာတ်ပုံကြီးကို ချိတ်ဆွဲထားပါတယ်။ ပွဲလာရောက်သူတွေက အဖြူရောင်ပန်းတွေနဲ့ ဂုဏ်ပြုခဲ့ကြပါတယ်။ ကုလားထိုင်အလွတ်ထားရတဲ့ ရည်ရွယ်ချက်က သူ့ကိုပေးအပ်တဲ့ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုကို တရုတ်အစိုးရက ဖမ်းဆီးထားတာကြောင့် ကိုယ်တိုယ်သွားရောက်မယူနိုင်ခဲ့တဲ့ အထိမ်းအမှတ် ဖြစ်ပါတယ်။ “သူက ငြိမ်းချမ်းတဲ့၊ အကြမ်းမဖက်တဲ့ နည်းလမ်းနဲ့ လွတ်လပ်မှုအတွက်၊ ဒီမိုကရေစီအတွက် တိုက်ပွဲဝင်သွားတာပါ။ သူ့ကို ဂုဏ်ပြုပေးဖို့ အပြည့်အဝ ထိုက်တန်တယ်လို့ ထင်ပါတယ်” လို့ ဂုဏ်ပြုပွဲ တက်ရောက်လာသူ တဦးဖြစ်တဲ့ အန်ဒီဝူးက ပြောကြားသွားတာ ဖြစ်ပါတယ်။ “အခုဆိုရင် ပင်လယ်ကြီးဟာ သူ့ရဲ့ အထိမ်းအမှတ်ပြယုဂ် ဖြစ်သွားပါပြီ။ ကျမတို့ ပင်လယ်ကိုမြင်တိုင်း သူ့ကို သတိရနေမှာပါ။ ကျမအထင် တရုတ်ပြည်မကြီးက လူတွေလည်း သူတို့နည်း သူတို့ဟန်နဲ့ အင်တာနက်မှာ လျူရှောင်ဘိုကို အောက်မေ့သတိရကြမှာပါ” လို့ ပွဲတက်ရောက်လာသူ လျောင်းခိန်မန်းက ပြောကြားသွားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up