မင်းလှတွင် မြစ်ရေမြင့်တက်မှုကြောင့် နေအိမ် ၂၀ နှင့် လူဦးရေ ၄၀ ဘေးလွတ်ရာ ရွှေ့ပြောင်း
DVB
·
July 21, 2017
မကွေးတိုင်းဒေသကြီး မင်းလှမြို့နယ် ညောင်ပင်သာ ကျေးရွာသို့ ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် လူဦးရေ ၄၀ နဲ့ ကျွဲနွားတိရစ္ဆာန်တွေကို ရေဘေးလွတ်ရာ ရွှေ့ပြောင်းထားရပါတယ်။
အဆိုပါကျေးရွာဟာ ဧရာဝတီ မြစ်ကမ်းဘေးမှာ တည်ရှိပြီး နှစ်စဉ်နှစ်တိုင်း ရေနစ်မြုပ် တဲ့ဒဏ်ကို ခံနေရတဲ့ ကျေးရွာဖြစ်တယ်လို့ ညောင်ပင်သာကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းလှိုင်က ဒီဗွီဘီကို ပြောပါတယ်။
အခုလက်ရှိမှာ နေအိမ် ၉၆ လုံးကို မြစ်ရေတွေ ဝင်ရောက်နေလို့ နေအိမ်အလုံး ၂၀၊ လူဦးရေ အယောက် ၄၀ ၊ နွားကောင်ရေ ၁၀၂ ကောင်နဲ့ အိမ်မွေးတိရစ္ဆာန်တွေကို ရေလွတ်ရာ မင်းဘူး-မင်းလှ ကားလမ်းမဘေး ပြောင်းရွှေ့ထားရတယ်လို့ ဆိုပါတယ်။
ညောင်ပင်သာကျေးရွာဟာ အိမ်ခြေ ၂၉၉ အိမ်၊ လူဦးရေ ၁၁၉၉ ဦး နေထိုင်ကြပြီး မင်းလှမြို့နယ် တာဝန်ရှိသူတွေ လာရောက်ကွင်းဆင်းကြည့်ရှုပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေ ပြုလုပ်ပေးနေကြောင်း သိရပါတယ်။
သတင်း - မင်းထီး