ထိုင်းနိုင်ငံမှာ လူကုန်ကူးမှုနဲ့ တရားစွဲဆိုခံထားရတဲ့ စစ်ဗိုလ်ချုပ်ကြီးဟောင်းတဦးကို တရားရုံးက ထောင်ဒဏ် ၂၇ နှစ် ချမှတ်လိုက်ပါတယ်။
မန်နက်စ်ခေါင်ပန်ဟာ ထိုင်းစစ်တပ်မှာ ဗိုလ်ချုပ်ကြီးတဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး ရိုဟင်ဂျာတွေကို လူကုန်ကူးမှုနဲ့ ပတ်သက်လို့ ပြစ်မှုကျူးလွန်ခဲ့တဲ့အတွက် ထောင်ဒဏ်ချမှတ်ခံရသူ ၆၀ ကျော်ထဲမှ တဦးဖြစ်ပါတယ်။
ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာကတော့ ဒီအမှုမှာ စစ်တပ်က ပါဝင်ပတ်သက်ခဲ့တာနဲ့ ပတ်သက်ပြီး စစ်တပ်ရဲ့ ပုံရိပ်အပေါ် ဝေဖန်ပြစ်တင်မှု မလုပ်ကြဖို့ တောင်းဆိုထားတာပါ။
“ဒီလူကုန်ကူးမှု ကွန်ရက်ထဲမှာ လူတွေအများကြီး ပါဝင်ခဲ့တာပါ။ ဒါကြောင့် စစ်သားအားလုံးကို တစုတည်းအဖြစ် အပြစ်တင်ဝေဖန်တာတွေ မလုပ်ကြပါနဲ့။”
ဒီအမှုကို ၂၀၁၅ ခုနှစ်ကတည်းက စတင်တရားစွဲဆိုခဲ့တာဖြစ်ပြီး အခုပြစ်ဒဏ်ချမှတ်ခံခဲ့ရသူတွေဟာ ထိုင်း-မလေးရှား နယ်စပ်အနီးမှာ လူသေအလောင်းတွေ မြှုပ်နှံထားတဲ့ သင်္ချိုင်းမြေပုံတွေကို တွေ့ရှိခဲ့ပြီးနောက်မှာ ဖမ်းဆီးခံခဲ့ရသူတွေ ဖြစ်ပါတယ်။
ဒီအမှုနဲ့ တရားစွဲဆိုခံထားရသူ စုစုပေါင်း ၁၀၃ ဦးထဲမှ ၆၂ ဦးကို အပြစ်ရှိတယ်လို့ အမိန့်ချမှတ်ခဲ့တာဖြစ်ပြီး တရားရုံးရဲ့ ပြစ်ဒဏ်ချမှတ်မှုအတွက် ဖတ်ကြားချိန်ဟာ ၁၂ နာရီထိ ကြာမြင့်ခဲ့ပါတယ်။
ထောင်ဒဏ်ချမှတ်ခံရသူတွေထဲမှာ ထိပ်တန်းနိုင်ငံရေးသမားတွေနဲ့ ရဲအရာရှိတွေလည်း ပါဝင်ပြီး သူတို့ဟာ လူတွေကို အသက်အန္တရာယ် ကျရောက်သည်အထိ ဖမ်းဆီးထားတာတွေ၊ အဓမ္မပြုကျင့်တာတွေ စတဲ့ ပြစ်မှုတွေကို ကျူးလွန်ခဲ့ကြတာဖြစ်တယ်လို့ ဆိုပါတယ်။
ရိုဟင်ဂျာတွေဟာ ထိုင်း-မြန်မာနယ်စပ်မှတဆင့် မလေးရှားနိုင်ငံ အပါအဝင် တခြားဒေသတွေဆီ ထွက်ပြေးလွတ်မြောက်နိုင်ဖို့ လူကုန်ကူးသူတွေရဲ့ အကူအညီနဲ့ ရောက်ရှိခဲ့ကြတာဖြစ်ပြီး ဒါကို ဖြိုခွင်းနိုင်ဖို့ နိုင်ငံတကာက ဖိအားပေးခဲ့ကြတာပါ။
အခုပြစ်ဒဏ်ချမှတ်မှုမှာတော့ ထောင်ဒဏ် ၄ နှစ်ကနေ ၉၄ နှစ်အထိပါဝင်ပြီး ဒီလူကုန်ကူးမှုမှာ နောက်ကွယ်က ပါဝင်ပတ်သက်ခဲ့တဲ့ ဘင်္ဂါလီရိုဟင်ဂျာတဦးကိုတော့ ထောင်ဒဏ် ၉၄ နှစ် ချမှတ်ခဲ့တာပါ။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရဲ့ ထုတ်ပြန်ချက်အရ ထိုင်းနိုင်ငံတွင်းမှာ ခန့်မှန်းခြေ ရိုဟင်ဂျာဒုက္ခသည်ပေါင်း ၄ သိန်း ၂ သောင်းလောက်ရှိတယ်လို့ ဆိုပါတယ်။