မြောက်ကိုရီးယားအစိုးရဟာ စက်ရုံပိုင်ပစ္စည်း ခိုးယူသူ၊ တောင်ကိုရီးယားမီဒီယာတွေရဲ့ ထုတ်လွှင့်ချက်တွေကို ပြန်လည်ဖြန့်ဖြူးသူနဲ့ ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်သူတွေကို လူမြင်ကွင်းမှာ ခေါင်းဖြတ်သတ်ခဲ့ကြောင်း တောင်ကိုရီးယားအခြေစိုက် အန်ဂျီအိုအဖွဲ့တခုက ဇူလိုင် ၁၉ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။
တောင်ကိုရီးယားအခြေစိုက် “တရားမျှတမှု အသွင်ကူးပြောင်းရေးလုပ်ငန်းအဖွဲ့ – TJWG“ က အစီရင်ခံစာထုတ်ပြန်ပြီး အခုလို ပြောကြားလိုက်တာပါ။
ပြီးခဲ့တဲ့ ၂ နှစ်အတွင်း မြောက်ကိုရီးယားကနေ ထွက်ပြေးလာသူ ၃၇၅ ဦးကို မေးမြန်းပြီး အဲဒီအစီရင်ခံစာကို ရေးသားထားတာလို့ TJWG အဖွဲ့ သုတေသနရေးရာ ညွှန်ကြားရေးမှူး ဆာရာဆန်းက ပြောပါတယ်။
အဲဒီအဖွဲ့ဟာ သုတေသနပညာရှင်တွေ၊ လူ့အခွင့်အရေး လှုပ်ရှားသူတွေနဲ့ ဖွဲ့စည်းထားပြီး အမေရိကန်လွှတ်တော်နဲ့ အမေရိကန်အခြေစိုက် အန်အီးဒီအဖွဲ့က ငွေကြေးထောက်ပံ့ထားတဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း-အန်ဂျီအို ဖြစ်ပါတယ်။
မြောက်ကိုရီးယားနိုင်ငံမှာ လူမြင်ကွင်းရှေ့ ခေါင်းဖြတ်အသတ်ခံရမှုဟာ မိသားတစုလုံးကို အရှက်ရစေတဲ့ပြစ်ဒဏ် ဖြစ်ပါတယ်။
အခု TJWG အဖွဲ့ ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာဟာ “မြောက်ကိုရီးယားအစိုးရ အနေနဲ့ လူသားဖြစ်မှုကို ဆန့်ကျင်တဲ့ ရာဇဝတ်မှု” ကျူးလွန်နေတယ်ဆိုတာကို မီးမောင်ထိုးပြလိုတဲ့ ရည်ရွယ်ချက်ဖြစ်ကြောင်း ဆိုးလ်မြို့ကပေးပို့တဲ့ ရိုက်တာသတင်းမှာ သုံးသပ် ရေးသားထားပါတယ်။