အစိုးရအဖွဲ့တွင်းမှာ ဂိုဏ်းကွဲမှုမရှိဟု သမ္မတရှင်း
နေသွင်
·
March 1, 2012
အစိုးရအဖွဲ့အတွင်းမှာ အမာဂိုဏ်းနဲ့ အပျော့ဂိုဏ်းဆိုပြီး ကွဲပြားနေတာ မရှိဘူးလို့ သမ္မတ ဦးသိန်းစိန်က နိုင်ငံတော် အခြေပြုမိန့်ခွန်းမှာ ထည့်ပြောသွားပါတယ်။
သမ္မတဦးဆောင်တဲ့ အစိုးရအဖွဲ့၊ တိုင်းနဲ့ ပြည်နယ် အစိုးရအဖွဲ့ဝင်တွေ၊ တပ်မတော်ခေါင်းဆောင်တွေ၊ လွှတ်တော်နဲ့ တရားရေးမဏ္ဍိုင်က ပုဂ္ဂိုလ်တွေ အားလုံးဟာ အစိုးရအဖွဲ့ရဲ့ မူဝါဒကို ယုံကြည်စွာနဲ့ ဆောင်ရွက်နေကြတယ်လို့ သမ္မတ ဦးသိန်းစိန်က ပြောပါတယ်။
အစိုးရအဖွဲ့အတွင်းမှာ ဂိုဏ်းကွဲနေတာမျိုး မဟုတ်ဘဲ လူတဦးချင်းစီရဲ့ ဗီဇ၊ စရိုက်နဲ့ အမူအကျင့်တွေအပေါ် မူတည်ပြီး စီမံခန့်ခွဲမှုမှာ ကွာခြားနေတာမျိုး ဖြစ်တယ်လို့ ဦးသိန်းစိန်က အစိုးရအဖွဲ့ တနှစ်ပြည့် မိန့်ခွန်းမှာ ထည့်ပြောသွားပါတယ်။
အစိုးရအဖွဲ့အနေနဲ့ တိုင်းပြည်ရဲ့ ဂျီဒီပီ တိုးတက်လာရုံသာမက၊ ပြည်သူလူထုရဲ့ လူနေမှုအဆင့်အတန်းတွေ မြင့်မားလာဖို့ ရရှိခံစားနေတဲ့ ပညာရေး၊ ကျန်းမာရေး၊ လူမှုဖူလုံရေးနဲ့ ပြည်သူရေးရာ ဝန်ဆောင်မှုတွေ တိုးတက်မြင့်မားလာဖို့ရယ်၊ ဖွံ့ဖြိုးတိုးတက်မှုကြောင့် သဘာဝပတ်ဝန်းကျင် မထိခိုက် မဆုံးရှုံးစေဖို့အထိ ရည်ရွယ်ဆောင်ရွက်နေတယ်လို့ သမ္မတ ဦးသိန်းစိန်က ပြောသွားပါတယ်။