ထရမ့်နှင့် ပူတင်တို့ တွေ့ဆုံဆွေးနွေးခဲ့ဟု အိမ်ဖြူတော် အတည်ပြု

ဓာတ်ပုံ - ရိုက်တာ
အခုလအစောပိုင်းမှာ ပြုလုပ်ခဲ့တဲ့ G-20 ခေါင်းဆောင်တွေ ညစာစားပွဲမတိုင်မီ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်တို့ဟာ လူတွေမသိခဲ့ကြတဲ့ ဒုတိယအကြိမ်မြောက် တွေ့ဆုံဆွေးနွေးမှု ရှိခဲ့တယ်လို့ အမေရိကန် သမ္မတအိမ်ဖြူတော်က တရားဝင် အတည်ပြုခဲ့ပါတယ်။ "နိုင်ငံကြီး ၂ နိုင်ငံက စိတ်ဝင်စားမှုချင်းမတူတဲ့ ခေါင်းဆောင် ၂ ယောက်က တယောက်နဲ့တယောက် အဆင်ပြေပြေ၊ နီးနီးကပ်ကပ် ဆက်ဆံပြောဆိုနေတာကို နိုင်ငံရေးသိပ္ပံပညာရှင် တယောက်အနေနဲ့ ကျနော့်ဘဝမှာ တခါမှ မမြင်ဖူးသေးဘူး။ လူတွေကလည်း ဒါကိုပဲ နားမလည်နိုင်ကြတာ" လို့ ယူရေးရှားအဖွဲ့ ဥက္ကဋ္ဌ အီယန် ဘရမ္မာက ပြောပါတယ်။ "ကျေန်ာနဲ့ သမ္မတပူတင်တို့ အကြောင်းအရာ တော်တော်များများကို ဆွေးနွေးခဲ့ကြပြီး ကျနော်တို့ရဲ့ ဆွေးနွေးမှုတွေက တော်တော်အဆင်ပြေပါတယ်။ အခုလိုပဲ ဆွေးနွေးစရာတွေ နောက်ထပ် ကျနော်တို့မှာ ရှိလာဦးမှာပါ။ ရုရှား၊ အမေရိကန်နဲ့ အားလုံးအတွက် အကျိုးပြုမယ့် အဖြစ်အပျက်တွေအကြောင်း တော်တော်များများ ပြောဖြစ်ခဲ့ပါတယ်။ ခုလို သမ္မတကြီးနဲ့ တွေ့ခွင့်ရတာကို ဂုဏ်ယူပါတယ်" လို့ သမ္မတ ထရမ့်က ပြောပါတယ်။ ဒုတိယအကြိမ်မြောက် တွေ့ဆုံမှုဟာ အချိန်ဘယ်လောက်ကြာပြီး ဘာတွေပြောခဲ့တယ် ဆိုတာကိုတော့ အိမ်ဖြူတော်က ထုတ်မပြောခဲ့ဘူးလို့ သိရပါတယ်။ အဲဒီတွေ့ဆုံမှုဟာ G-20 ခေါင်းဆောင်တွေနဲ့ သူတို့ရဲ့ ကြင်ယာဘက်တွေကို ညစာကျွေးတဲ့ပွဲမှာဖြစ်ကြောင်း အီယန် ဘရမ္မာက ပြောပါတယ်။ အခုချိန်မှာ ထရမ့်ဟာ ကွန်ဂရက်လွှတ်တော်နဲ့ ၂၀၁၆ ရွေးကောက်ပွဲမှာ ရုရှားရဲ့ ပါဝင်ပတ်သက်မှု စုံစမ်းရေးအဖွဲ့ရဲ့ တင်းတင်းကျပ်ကျပ် စောင့်ကြည့်မှုကို ခံနေရကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up