လေယာဉ်ဆီဈေးနှုန်း ပြင်ဆင်တာကြောင့် လက်မှတ်ခများ တိုးရန်ရှိ

မြန်မာနိုင်ငံတွင်းမှာ ရောင်းချနေတဲ့​ ​လေယာဉ်ဆီ ​ဈေးနှုန်းတွေကို မတ်လ ၁ ရက်နေ့ကစပြီး နှုန်းရှင်နဲ့​ ​ပြင်ဆင်သတ်မှတ်​ ​ရောင်းချသွားတော့မယ်လို့ စွမ်းအင်ဝန်ကြီးဌာနက တရားဝင် ထုတ်ပြန်လိုက်ပါတယ်။ ကာကွယ်ရေးဝန်ကြီးဌာန အပါအ၀င် ဌာနဆိုင်ရာတွေနဲ့ ပုဂ္ဂလိက လေကြောင်း လိုင်းတွေကို​ ​ရောင်းချပေးနေတဲ့​ ​လေယာဉ်ဆီဈေးနှုန်းကို နှုန်းရှင် သတ်မှတ်မှာ​ ​ဖြစ်တဲ့အကြောင်း၊ ဖေဖော်ဝါရီ ၂၈ ရက်နေ့စွဲနဲ့ စွမ်းအင်ဝန်ကြီးဌာနက အကြောင်းကြားစာ ပေးပို့ခဲ့တာပါ။ လေယာဉ်ဆီ ဈေးနှုန်းအပြောင်းအလဲ ကိစ္စ အကြောင်းကြားစာ ရရှိထားပေမယ့် လောလော ဆယ်မှာတော့ လေယာဉ်လက်မှတ်ခနှုန်းတွေ တက်ဖို့ အစီအစဉ် မရှိသေးဘူးလို့ အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းလိုင်း (အမ်အေအိုင်)က ဈေးကွက် မန်နေဂျာ ဒေါ်အေးမြသာက ခုလို ပြောပါတယ်။ “လောလောဆယ်တော့ ဒီဈေးအတိုင်းပါပဲ။ စာကလည်း မနေ့ကမှ ထုတ်တာဆိုတော့ ကျမတို့ အမ်အေအိုင် ကတော့ ဧည့်သည်တွေကိုလည်း ပုံမှန်အတိုင်းပဲ ရောင်းပါတယ်။ ဈေးနှုန်း တိုးပြီး ရောင်းလိုက်တာတော့ မရှိသေးပါဘူး။” ရန်ကုန်အခြေစိုက် လေယာဉ်လက်မှတ် အရောင်း အေဂျင်စီ တခုကတော့ လေယာဉ် လက်မှတ်ခတွေ အားလုံး မတ် ၈ ရက်မှာ တက်ဖို့ရှိပြီး၊ ဘယ်ခရီးစဉ်ကို ဘယ်လောက်နှုန်းအထိ တက်မယ်ဆို တာကို လေကြောင်းလိုင်းတွေက ခုထိ အကြောင်းမကြားသေးဘူးလို့ ပြောပါတယ်။ ဒါပေမယ့် နိုင်ငံခြားသား ခရီးသည်တွေကို မြန်မာပြည်ခရီးစဉ် ၀န်ဆောင်မှု ပေးနေတဲ့ ခရီးသွား အေဂျင်စီ တခုက တာဝန်ရှိသူ တဦးကတော့ တချို့ လေကြောင်းလိုင်းတွေမှာ လေယာဉ် လက်မှတ် ခတွေ တိုးနေပြီဖြစ်ပြီး ကိုတင် ကြေညာခြင်းမရှိဘဲ ရုတ်တရက် လေယာဉ် လက်မှတ် ဈေး ထပ်တိုး တောင်းလိုက်တဲ့အတွက် အခက်တွေ့ရတယ်လို့ ပြောပါတယ်။ ပုံမှန်အားဖြင့်တော့ ခရီးသွားများတဲ့ ဧပြီလလို အချိန်မျိုးတွေမှာ လေယာဉ် လက်မှတ်ခတွေ ဈေးတင်လေ့ရှိပြီး၊ ဒီလိုသာဆို တနှစ်ပတ်လုံး လေယာဉ်လက်မှတ်ခတွေ အပြောင်းအလဲ ရှိလာတော့မှာ ဖြစ်ပါတယ်။

More News
Up