အခြေခံဥပဒေပြောင်းလဲရန် စစ်တပ်ပူးပေါင်းပါဝင်မူလိုဟု ဒေါ်အောင်ဆန်း စုကြည်ပြော
နေသွင်
·
March 1, 2012
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ရှမ်းပြည်နယ်ရှိ တပ်နယ်ဖြစ်တဲ့ ကလောမြို့ကို ရောက်နေပြီး ထောက်ခံသူ ထောင်ပေါင်းများစွာကို မိန့်ခွန်းပြောတဲ့အခါမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြောင်းလဲဖို့ တပ်မတော်ကလည်း ပူးပေါင်းပါဝင်ဖို့ လိုအပ်တယ်လို့ ပြောကြား လိုက်ပါတယ်။
[caption id="attachment_21914" align="alignleft" width="300" caption="ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားစဉ် (ကချင်ပြည်နယ်)"][/caption]
ဒေါ်အောင်ဆန်းစုကြည်က “(ဖွဲ့စည်းပုံ အခြေခံဥပဒေကို) မပြောင်းလဲဘဲနဲ့ ဒီမိုကရေစီ အခြေခံအဆောက်အဦက မခိုင်မြဲနိုင်ပါဘူး။ ဒီလို ပြောင်းလဲတဲ့အချက်ကို ပြောင်းလဲတဲ့နေရာမှာ တပ်မတော်ကလည်း ပါဖို့ လိုတယ်ဆိုတာ အတိအလင်း ပြောပါရစေ။ ဖွဲ့စည်းပုံ အခြေခံဥပဒေခိုင်မာမှ ကျမတို့နိုင်ငံ ခိုင်မြဲမှာပါ။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အေးအေးချမ်းချမ်း တည်တည်ငြိမ်ငြိမ်နဲ့ ပြောင်းလဲဖို့ဆိုတာ တပ်မတော်ရဲ့ ပူးပေါင်းပါဝင်မှု လိုအပ်တာမို့လို့ တပ်မတော်ကလည်း ကျမတို့နဲ့အတူတူ ဒီမိုကရေစီပန်းတိုင်ကို ချီတက်ချင်တယ်ဆိုတာကို ပြခြင်းအားဖြင့် တပ်မတော်သား အားလုံး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲပေးကြပါ။”လို့မဲဆွယ်မိန့်ခွန်း ပြောကြားခဲ့ပါတယ်။
လွတ်လပ်ရေးကြိုးပမ်းမှုကာလက ပြည်သူနဲ့ တပ်မတော် အပြန်အလှန် ချစ်ခင်မှု၊ အားကိုးမှု ရှိခဲ့တဲ့ အခြေအနေမျိုး အခုလည်း ဖြစ်စေချင်ပါတယ်လို့ လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
တိုင်းပြည်မှာ တရားဥပဒေ စိုးမိုးရေး အရေးကြီးတဲ့ အကြောင်း၊ တရားဥပဒေ စိုးမိုးရေးဟာ ပြည်သူလူထုကို အကြောက်တရားကနေ အကာအကွယ် ပေးနိုင်ဖို့ လိုအပ်တယ်လို့ ဒေါ်အောင် ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။