DVB Logo
Home
မြန်မာသတင်း
မြန်မာဘိန်းကြောင့် ဒေသတွင်း မူးယစ်ပြဿနာ တိုးပွားလာနေ
DVB
·
February 29, 2012
မြန်မာဘိန်းကြောင့် ဒေသတွင်း မူးယစ်ပြဿနာ တိုးပွားလာနေ
Donate to DVB

မြန်မာနဲ့ လာအိုနိုင်ငံတွေမှာ ဘိန်းစိုက်ပျိုးမှုတိုးမှုနဲ့ စိတ်ကြွဆေး တိုး ထုတ်လုပ်မှု တွေကြောင့် အရှေ့တောင်အာရှနိုင်ငံတွေမှာ မူးယစ်ဆေးဝါး ပြဿနာတွေ ပိုတိုးလာနေတယ်လို့ နိုင်ငံတကာ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဘုတ်အဖွဲ့ (INCB)အဖွဲ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

၂၀၁၁ ခုနှစ်အတွင်း ကမ္ဘာတ၀ှမ်း မူးယစ် ဆေးဝါးအခြေအနေကို လေ့လာပြီးတဲ့နောက် ဖေဖော်ဝါရီ  ၂၈ ရက်နေ့က ထုတ်ပြန်တဲ့ INCB  အစီရင်ခံစာမှာ ခုလို ဖော်ပြထားတာပါ။

မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးမှုဟာ ၂၀၀၇ ခုနှစ်ကတည်းက ၄ နှစ် ဆက်တိုက် တိုးလာပြီး ဘိန်းထုတ်လုပ်မှုဟာလည်း ၂၀၀၉ကထက် ၂၀၁၀ မှာ တန်ချိန်  ၅၈၀ တိုးလာတယ်လို့ ဆိုပါတယ်။

မြန်မာဟာ ကမ္ဘာ့ဒုတိယအများဆုံး ဘိန်းစိုက်ပျိုးတဲ့ နိုင်ငံဖြစ်ပြီး လက်ရှိ ကမ္ဘာတ၀ှမ်း ဘိန်းထုတ်လုပ်မှုရဲ့ ၁၆ ရာခိုင်နှုန်း ရှိကြောင်း နိုင်ငံတကာ မူးယစ်ဆေးဝါးထိန်းချုပ်ရေး ဘုတ်အဖွဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ရှမ်းပြည်နယ်မှာ ဘိန်းအများဆုံး စိုက်ပျိုးတာဖြစ်ပြီး ကချင်ပြည်နယ်နဲ့ ကယားပြည်နယ်တွေမှာလည်း အနည်းငယ် စိုက်ပျိုးပါတယ်လို့ဆိုပါတယ်။

ဒါ့အပြင် ၂၀၁၀ခုနှစ်အတွင်း တရုတ်၊ လာအို၊ မြန်မာနဲ့ထိုင်း ဆက်စပ်နေတဲ့ ဒေသတ၀ိုက်မှာ စိတ်ကြွဆေးပြား အမြောက်အများကို တရားမ၀င် ရောင်းဝယ် ဖောက်ကားမှုတွေ တိုးပွားလာနေတဲ့အကြောင်း စိတ်ကြွဆေးပြား အများစုဟာ မြန်မာနိုင်ငံ နယ်စပ်တွေကို ဖြတ်ကျော်ပြီး တရုတ်၊ လာအိုနဲ့ ထိုင်းနိုင်ငံတွေကို ရောင်းဝယ် ဖောက်ကားနေကြတာ ဖြစ်တယ်လို့ အစီရင်ခံစာမှာပါရှိပါတယ်။

မူးယစ်ဆေးဝါး ထုတ်လုပ် ရောင်းဝယ်ဖောက်ကားသူတွေဟာ  အိုက်စ် ခေါ် စိတ်ကြွ ရူးသွပ်ဆေးပြားတွေကို  ဒေသတွင်းက လူငယ်လူရွယ်တွေဆီ ဦးတည် ထုတ်လုပ်နေတာလို့လည်း အစီရင်ခံစာက ထောက်ပြထားပါတယ်။

နိုင်ငံတကာမူးယစ်ဆေးဝါး ထိန်းချုပ်ရေးဘုတ်အဖွဲ့ကတော့ ဘိန်းစိုက်ပျိုးမှု လျော့ကျရေးအတွက် မဖြစ်မနေ အရေးယူဆောင်ရွက်ပေးဖို့ မြန်မာအစိုးရကို တိုက်တွန်းထားပြီး နိုင်ငံတကာ အသိုင်းအ၀ိုင်းကိုလည်း လိုအပ်တဲ့ အကူအညီ အထောက်အပံ့တွေပေးဖို့ တောင်းခံထားပါတယ်။

မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးရေး ဗဟိုအဖွဲ့ကတော့ ဘိန်းစိုက်ခင်းဧက ၅ သောင်း ၂ထောင်ကျော်ကို ပြီးခဲ့တဲ့နှစ် စက်တင်ဘာက ဖျက်ဆီးပစ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

သမ္မတဦးသိန်းစိန်ကတော့ ၂၀၁၄ ခုနှစ်မှာ မြန်မာနိုင်ငံမှာ ဘိန်းကင်းစင်စေဖို့ ရည်မှန်းထားပြီး အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကျော်ကို ဘိန်းစိုက်တောင်သူတွေ ဘ၀တိုးတက်ပြောင်းလဲအောင် လုပ်ဖို့အတွက် နိုင်ငံတကာဆီက တောင်းခံထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013